Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ လူကုန်ကူးခံနေရသည့် သမီးဖြစ်သူကို ကယ်ထုတ်ပေးရန် မလေးရှားအမျိုးသမီး တောင်းဆို 
DVB
·
October 8, 2024
Photo - Reuters

မြန်မာနိုင်ငံမှာ လူကုန်ကူးခံခဲ့ရတာလို့ ယုံကြည်ရတဲ့ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူကို ကူညီ ကယ်ဆယ်ပေးဖို့ ပီနန်းပြည်နယ်မှ မိခင်တယောက်က မလေးရှား အာဏာပိုင်တွေကို တောင်းဆိုခဲ့တဲ့အကြောင်း Malay mail  သတင်းစာမှာ ဒီကနေ့ ဖော်ပြပါရှိပါတယ်။  

အသက် ၁၇ နှစ်အရွယ်သာ ရှိသေးတဲ့ သမီးဖြစ်သူနဲ့ ပြီးခဲ့တဲ့နှစ်က အဆက်အသွယ်ရချိန်မှာမှ မြန်မာနိုင်ငံမှာ ရောက်နေတာကို သိလိုက်ရကြောင်း၊ ရင်းဂစ် ၄၂,၀၀၀ နဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပေးနိုင်မှသာ မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို ပြန်လာလို့ ရနိုင်မယ်လို့ သမီးဖြစ်သူက ပြောတဲ့အကြောင်း၊ သမီးဖြစ်သူဟာ လူမှောင်ခိုကူးနေတဲ့ ဂိုဏ်းတခုရဲ့ သားကောင်ဖြစ်ခဲ့ရတယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း အသက် ၄၂ နှစ်အရွယ် မိခင်ဖြစ်သူ ရိစ်ဒါဝတီက ပြောပါတယ်။

ရိစ်ဒါဝတီရဲ့ ပြောပြချက်အရ သူ့ရဲ့သမီးဖြစ်သူဟာ မြန်မာနိုင်ငံက ကုမ္ပဏီတခုမှာ တနှစ်စာချုပ်နဲ့ အလုပ်လုပ်ခဲ့ပြီး တနှစ်ပြည့်ရင် အိမ်ပြန်လို့ရမယ်လို့ ဆိုထားပေမဲ့ စာချုပ်သက်တမ်း ပြည့်သွားပြီးတဲ့နောက် ကုမ္ပဏီဘက်က သမီးဖြစ်သူကို အိမ်ပြန်ခွင့်မပေးဘဲ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပေးမှ ပြန်လို့ရမယ်လို့ ခြိမ်းခြောက် ခဲ့တယ်လို့ သိရပါတယ်။

သမီးဖြစ်သူဟာ ကျောင်းပြီးပြီးနောက် စင်္ကာပူနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ဆန္ဒရှိခဲ့ပေမဲ့ ဖခင်ဖြစ်သူက သမီးရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိတ်မချတာကြောင့် ခွင့်မပြုခဲ့တာလို့ ဆိုပါတယ်။

ရိစ်ဒါဝတီက “သမီးကို ပြီးခဲ့တဲ့နှစ်လယ်လောက်ကမှဂျိုဟိုးမှာ အလုပ်လုပ်ခွင့်ပေးခဲ့တာ။ သူ့အဒေါ်နဲ့ ၂ ပတ်ကြာလောက် အတူနေပြီးမှ အဆက်အသွယ် ပြတ်သွားတာ။ သမီးဟာ ထိုင်းနိုင်ငံဘက်ခြမ်း မှောင်ခိုလမ်းကြောင်း ကနေတဆင့် မြန်မာနိုင်ငံဘက်ကို လူကုန်ကူးခံခဲ့ရတာလို့ပဲ ယုံကြည်တယ်”လို့ အောက်တိုဘာ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြော ပါတယ်။

အဲဒါကြောင့် ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာ ၂၅ ရက်နဲ့ အခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်တို့မှာ ရဲစခန်းမှာ ၂ ကြိမ်အထိ တိုင်ချက်ဖွင့်ထားတဲ့အကြောင်းနဲ့ အာဏာပိုင်တွေအနေနဲ့ သမီးဖြစ်သူ နေရပ်ပြန်နိုင်ရေးအတွက် ကူညီ ကယ်ဆယ်ပေးဖို့ မျှော်လင့်တဲ့အကြောင်း မိခင်က ထပ်ပြီး ပြောပါတယ်။

အဲဒီသတင်းစာ ရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ မလေးရှား အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားရေးအဖွဲ့ (MHO) အတွင်းရေးမှူးချုပ် ဟစ်ရှာမူဒင်ဟာရှင်မ်က သူ့အဖွဲ့အနေနဲ့ ဥပဒေကို အခြေခံပြီးတော့ ရိစ်ဒါဝတီရဲ့ သမီးဖြစ်သူကို ကယ်ဆယ် နိုင်ရေး အင်တိုက်အားတိုက်နဲ့ လုပ်ဆောင်နေပြီးပြန်ပေးငွေ မပေးဖို့နဲ့ သမီးဖြစ်သူရဲ့ ဘေးကင်းလုံခြုံရေးကို ထိခိုက်နိုင်တဲ့အတွက် မကြာခဏ ဆက်သွယ်တာတွေ မလုပ်ဖို့ မိသားစုကို အကြံပြုခဲ့ ပါတယ်။

Source: MalayMail

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013