Home
ဆောင်းပါး
‘ဆေးမြီးတို ကုထုံးများသည် မည်သည့်အခါမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဖြေရှင်းချက် ဖြစ်လာမည်မဟုတ်’ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
September 21, 2024
Photo Credit: Khin Ohmar

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ဖဒိုနော်စီဖိုးရာစိန်၏ အမြော်အမြင်ရှိသော ဦးဆောင်မှုကို မိမိတို့အားလုံးမှ ချီးကျူးဂုဏ်ပြုရန် မိမိအနေဖြင့် ဆန္ဒပြုပါသည်။ ဆရာမ စီဖိုးရာစိန်သည် ကရင်လူမျိုးများနှင့် မြန်မာပြည်သူအားလုံးအတွက် ရေရှည်တည်တံ့ပြီး တရားမျှတသော ငြိမ်းချမ်းရေးရရှိရန် သူမ၏  အခြေခံမူများနှင့်အညီဖြစ်သော ကတိကဝတ်များအပေါ် မယိမ်းမယိုင် မမှိတ်မသုန် တည်ရှိနေခဲ့သည်။ သူမသည် တည်ငြိမ်အေးချမ်းမှု (Stability)ဟူသော အမည်နာမအတွက် လူသားလုံခြုံရေး သို့မဟုတ် လူ့ဂုဏ်သိက္ခာနှင့် အလဲအလယ်ပြုလုပ်မည် မဟုတ်ပေ။ ကရင်တိုင်းရင်းသားများ လက်နက်ကိုင်တော်လှန်ရေးတွင် ပါ၀င်ဆင်နွှဲခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်လာပြီ ဖြစ်သည့်အားလျော်စွာ ငြိမ်းချမ်းရေးကို အသော့လျင်စွာ ရမည်ဟု မိမိတို့အနေနှင့် မျှော်လင့်၍ မရနိုင်ကြောင်း ဖဒိုနော်စီဖိုးရာစိန်က မိမိအား မကြာခဏ သတိပေးခဲ့သည်။   

ဆရာမစီဖိုးရာစိန်သည် အသံအားလုံးနှင့် ရှုထောင့်ပေါင်းစုံကို ကိုယ်စားပြုနိုင်ရေး သေချာစေရန် လူထုအခြေပြု လှုပ်ရှားမှုများကို နက်ရှိုင်းစွာ ယုံကြည်ကိုးစားခဲ့သည်။ လွန်ခဲ့သည့် ၁၉၉၉ ခုနှစ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ဖွဲ့စည်းထူထောင်ရေးညီလာခံတွင် အမျိုးသမီးများ၏ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် နိုင်ငံလုံးဆိုင်ရာ ရင်ကြားစေ့ရေး အစီအစဉ်တစ်ခုကို မိမိမှ အဆိုပြုတင်ပြခဲ့ရာ သူမက မဆိုင်းမတွ ထောက်ခံခဲ့သည်။ ထိုအစီအစဉ်ကို အကောင်အထည် ဖော်ရာတွင်လည်း ဆရာမက အကြံပေးပုဂ္ဂိုလ်အဖြစ် ပါ၀င်ဆောင်ရွက်ပေးခဲ့သည့်အတွက် မိမိအတွက် များစွာ ကံကောင်းခဲ့သည်။ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် စပ်လျဉ်းပြီး စဉ်းစားတွေးတောရာတွင် မိမိတို့တွင် အမြဲတမ်းတူညီသောအမြင်များ ရှိခဲ့ကြသည်။

• မိမိတို့သည် ပူးပေါင်းဆောင်ရွက်မှုရှိသော စနစ်ကျသော နည်းလမ်းဖြင့် သတိရှိစွာ ရိုးသားဖြောင့်မတ်စွာဖြင့် လုပ်ဆောင်ကြမည်။

• ‘ဆေးမြီးတို’ ဖြေရှင်းနည်းများအတွက် မိမိတို့၏ အခြေခံမူများကို မည်သည့်အခါတွင်မှ ညှိနှိုင်းအပေး အယူလုပ်ခြင်း၊ ဖိအား သို့မဟုတ် အတင်းအကျပ်ပြုလုပ်ခြင်းများကို လက်ခံမည်မဟုတ်၊ သို့မဟုတ်ပါက အကြမ်းဖက်မှု သံသရာစက်၀န်းသည် ဆက်လက်လည်ပတ်နေမည်။

• ငြိမ်းချမ်းရေးဟူသည် တိုက်ပွဲများရပ်တန့်ခြင်း သက်သက်ရုံသာမဟုတ်ဘဲ မြေပြင်ရှိ လူမှုအသိုင်းအ၀ိုင်းများ အထူးသဖြင့် အမျိုးသမီးများနှင့် အခြားဖယ်ကျဉ်ခံထားရသည့် အုပ်စုများအတွက် လူသားလုံခြုံရေးနှင့် တရားမျှတမှုတို့ကို ခိုင်မာသေချာစေသော အခြေခံအုတ်မြစ်များ တည်ဆောက်ခြင်းဖြစ်သည်ကို မိမိတို့ သတိပြုရမည်။

သို့သော် မိမိစိုးရိမ်သည်မှာ မိမိတို့အများစုက ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေကြစဉ် အာဏာနှင့် အင်အားရှိသူတို့က အတုအယောင် ‘တည်ငြိမ်အေးချမ်းမှု’ အတွက် ‘ဆေးမြီးတို’ ကုထုံးများဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေကြခြင်းပင်ဖြစ်သည်။

မြန်မာစစ်တပ်သည် ပြိုလဲလုနီးပါးဖြစ်နေပြီး အာဏာအရှိန်အဝါများကလည်း ခုခံတော်လှန်ရေး လှုပ်ရှားမှုကြီးဆီသို့ ကူပြောင်းလျက်ရှိနေပြီဖြစ်သည်။ ဤမကြုံစဖူးသော အခင်းအကျင်းများ ရှိနေသော်ငြား၊ နိုင်ငံတကာ အသိုက်အဝန်း (အာဆီယံ၊ တရုတ်နှင့်  ငြိမ်းချမ်းရေးဆိုင်ရာ အလှူရှင်များ အပါအဝင်)သည် မြန်မာနိုင်ငံ၏ ‘ပဋိပက္ခဖြေရှင်းရေး’ အတွက် အဖြေရှာရာတွင် နည်းစနစ်ဟောင်းများကို ဆက်လက် ကျင့်သုံးနေကြသည်။ ယင်းတို့သည် စစ်မှန်သော ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ခဲ့သော ခေတ်ဟောင်းမှ တွက်ကိန်းများနှင့် ဖော်မြူလာများကို အသုံးပြုနေကြသည်။ တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများကိုလည်း မြန်မာစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးရန်၊ စေ့စပ်ညှိုနှိုင်းရန်နှင့် ရွေးကောက်ပွဲများတွင် ပါဝင်လာစေရန် ဆေးမြီးတို ကုထုံးများဖြင့် ပို၍ ဖိအားပေးလျက်ရှိသည်။

သို့သော် တည်ငြိမ်အေးချမ်းခြင်းသည် ငြိမ်းချမ်းခြင်းဟု အဓိပ္ပာယ်မသက်ရောက်ပေ။

လူ့အခွင့်အရေးကို ကာကွယ်မပေးသော၊ တရားမျှတမှုနှင့် တာဝန်ယူမှု/တာဝန်ခံမှု မရှိသော တည်ငြိမ်အေးချမ်းမှုသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို မည်သည့်အခါမျှ ဖော်ဆောင်ပေးနိုင်မည် မဟုတ်ပေ။ ဤအချက်ကို ဆရာမ စီဖိုးရာစိန်က နားလည်သဘောပေါက်ခဲ့သည်။ လူ့ဂုဏ်သိက္ခာ၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် တာဝန်ယူမှု/တာဝန်ခံမှုများ၊ ဒုံရင်းအခြေအနေများနှင့် အာဏာဖွဲ့စည်းတည်ဆောက်ပုံများကို မလျှော့တမ်းတောင်းဆိုမှုများကြောင့် သူမအား သဘောထားတင်းမာသူအဖြစ် တံဆိပ်တပ်ခဲ့သည်။ မိမိအတွက် ဤသည် ငြိမ်းချမ်းရေးတည်ဆောက်သူတစ်ဦး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ပင် ဖြစ်သည်။ ဆရာမ စီဖိုးရာစိန်ကဲ့သို့ အလားတူပင် မိမိသည်လည်း မိမိတို့ ပြည်သူများ ခံစားနေရသော ဆင်းရဲဒုက္ခများကို ရှည်လျားစေသည့် စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်မှုသံသရာတွင် မိမိတို့နိုင်ငံအား ဆက်လက် ပိတ်လှောင်ထားမည့် မည်သည့် ဖြေရှင်းချက်မျိုးကိုမဆို နောင်မျိုးဆက်များအတွက်အလို့ငှာ လက်ခံမည် မဟုတ်ပေ။ ဤသည်ကို မိမိအား သဘောထားတင်းမာသူ တစ်ဦးအဖြစ် တံဆိပ်ကပ်မည်ဆိုပါက ယင်းအား ဂုဏ်ယူစွာဖြင့် လက်ခံလိုက်မည် ဖြစ်သည်။

မိမိတို့အနေဖြင့် နောက်ဆုံးတွင် မအောင်မြင်ခဲ့သော တစ်နိုင်ငံလုံးမဟုတ်သော “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်” ဆီသို့ ဦးတည်ခဲ့သော၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သင်ခန်းစာ ယူရမည်ဖြစ်သည်။ မြန်မာစစ်တပ်နှင့် အလျင်စလို စေ့စပ်ညှိနှိုင်းခြင်းသည် စစ်တပ်ဆန့်ကျင်သူများအကြား ယုံကြည်မှု ပိုမိုနည်းပါးစေပြီး အကွဲအပြဲများ ဖြစ်ပေါ်စေသည့် တချိန်တည်း၌ပင် စစ်မှန်သော ဒီမိုကရေစီနှင့် အားလုံးပါဝင်နိုင်မှု ရှိသော လုပ်ငန်းစဉ်ကိုလည်း ပင်ကိုယ်အားဖြင့် ပိတ်ပင်တားဆီးထားသည်။ ယင်းအမည်ခံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် စစ်တပ်မှ လွှမ်းမိုးချုပ်ကိုင်ထားသော ပုံသွင်းထားသော တဖက်သတ် အစီအစဉ်ဖြင့် စတင်ခဲ့သည်။  အခြားသော ပါဝင်ပတ်သက်သူများအနေဖြင့် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ဖော်ပြရန် လုံခြုံသော သို့မဟုတ် အဓိပ္ပါယ်ပြည့်ဝသော အခွင့်အလမ်းများ အလျင်းမရှိခဲ့သည့်အပြင်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း ယင်းတို့၏ တန်းတူရည်တူပါဝင်ခွင့်မှာ သာ၍ပင် နည်းပါးနေ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့မဟုတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများက နည်းမှန်လမ်းမှန် ဆွေးနွေးတိုင်ပင်ပြီး စေ့စပ်ဆွေးနွေးမှုကို သဘောတူညီမှု ရခွင့်မကြုံသေးခင်၊ နိုင်ငံတကာ ပါဝင်ပတ်သက်သူများနှင့် ငြိမ်းချမ်းရေး အလှူရှင်များသည် စစ်တပ်၏ တဖက်သတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံရေးနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးခဲ့သည်။ ၎င်းတို့အား နိုင်ငံရေးအရ ဖယ်ထုတ်ခံရမည်ကို စိုးရိမ်ပူပန်မှု သို့မဟုတ်  စစ်တပ်က ယခုတကြိမ်တွင် အမှန်တကယ် ပြောင်းလဲလာမည်ဟူသော မျှော်လင့်ချက်အသစ်များဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံအားပေးထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာစေရန် ဖိအားပေးခဲ့သည်။ အကျပ်ကိုင်ခြင်း၊ မက်လုံးပေးခြင်း သို့မဟုတ် စစ်အင်အားပြခြင်း စသဖြင့် အခြားသောနည်းလမ်းများဖြင့်လည်း ဖိအားပေးခဲ့သည်။

အထူးသဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များအပေါ် ငြိမ်းချမ်းရေးအလှူရှင်များက ကျင့်သုံးနေသော မသိ မသာစိမ့်၀င်နေသော နည်းဗျူဟာတစ်ခုမှာ အပစ်အခတ်ရပ်စဲရေးကို အလဲအလှယ်လုပ်ပြီး ၎င်းတို့ဒေသများတွင် ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်ပေးခြင်းဖြင့် မက်လုံးပေးခြင်းဖြစ်သည်။ နာမည်ဆိုးနှင့် ကျော်ကြားသော ငြိမ်းချမ်းရေးမြို့ဖြစ်သည့် လေးကေ့ကော်သည် ဤသံသယဖြစ်ဖွယ်ကောင်းသော မက်လုံးသဘောသဘာဝ၏ အထင်ရှားဆုံး ဥပမာများအနက်မှ တစ်ခုအပါအဝင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ထိုင်းနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများမှ နေရပ်ပြန်လာသူများအား နေရာချထားရန်အတွက် ငြိမ်းချမ်းရေးအလှူရှင်များ၏ ရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ စံပြ ‘ငြိမ်းချမ်းရေးမြို့’ အဖြစ် အမွမ်းတင်ခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုအပြီး လများအတွင်း ယင်းမြို့အား မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ဆရာမ စီဖိုးရာစိန်သည် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ ဆက်နွှယ်ပတ် သက်နေခြင်းကို သူမအနေဖြင့် ဆန့်ကျင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီး ရလဒ်အနေဖြင့် ပြင်းပြင်းထန်ထန် ဝိုင်းပယ်ခံခဲ့ရသည်။ စစ်ဘက်ဆိုင်ရာမှ စေ့စပ်ညှိနှိုင်းရေးမှူးတစ်ဦးက မိမိထံ ချဉ်းကပ်လာပြီး ၎င်းတို့၏ ဆွေးနွေးပွဲတွင် ၀င်ရောက်ဆွေးနွေးဖို့ မိမိအား ဖိတ်ခေါ်နေစဉ် တချိန်တည်းမှာပင် ဆရာမ စီဖိုးရာစိန်၏ ခေါင်းဆောင်မှုနှင့် နိုင်ငံရေးစွမ်းဆောင်ရည်ကို ဆုတ်လျော့ပျက်ပြားအောင် ကြိုးစားဖို့ မတန်မရာ ပြောဆိုခဲ့သည်ကို ကွက်ကွက်ကွင်းကွင်း အမှတ်ရနေသည်။ မိမိက ထိုပုဂ္ဂိုလ်၏ ချဉ်းကပ်မှုကို ငြင်းဆန်လိုက်ပြီး ဆရာမ စီဖိုးရာစိန်နှင့် တသားတည်းဖြစ်ကြောင်း ရှင်းလင်းစွာ ရပ်တည်ပြခဲ့သည်။ ဤသည် မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေသော သွေးခွဲအုပ်ချုပ်ရေးနည်းဗျူဟာ သာဓကများထဲမှ အသေးအဖွဲ တစ်ခုမျှသာ ဖြစ်သည်။

ဤနည်းပရိယာယ်များနှင့် စစ်တပ်ကြီးစိုးသော လုပ်ငန်းစဉ်များသည် ၎င်းတို့အတွက် အန္တရာယ်ရှိသည်ဟု ရှုမြင်သူတိုင်းကို ဘေးဖယ်ထာခြင်းဖြင့် သက်ဆိုင်သူအားလုံး၏ လွှမ်းမိုးမှုနှင့် အဓိပ္ပါယ်ပြည့်ဝသော ပါဝင်မှုကို ပြင်းထန်စွာ ကန့်သတ်ထားသည်။ အနှစ်သာရအားဖြင့် ပဋိပက္ခကို ဖြစ်ပေါ်စေသော စစ်တပ်၊ အမြစ်တွယ်နေသော ဗမာလူမျိုးကြီးဝါဒ၊ နိုင်ငံရေးတွင် စနစ်တကျ လွှမ်းမိုးချုပ်ကိုင်ခြင်း၊ ပေါ်ပေါ်ထင်ထင် ခွဲခြားဆက်ဆံခြင်း၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဘာသာရေးတွင်လည်း တိုင်းရင်းသား လူမျိုးစုများကို ဗမာဗုဒ္ဓဘာသာအများစုနှင့် တူအောင် အတင်းအဓမ္မ ရောနှောပေါင်းစပ်ထားခြင်း စသည့် အရင်းခံအကြောင်းတရားများကို မည်သည့်အခါမျှ အလေးထား မဖြေရှင်းခဲ့ပေ။ သို့ဖြစ်ရာ ဤကဲ့သို့သော အစ’မကောင်းခဲ့သော လုပ်ငန်းစဉ်များသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့ ဘယ်သော အခါမှ ဦးတည်သွားမည် မဟုတ်ပေ။

တဖက်တွင် မြန်မာစစ်တပ်နှင့် အခြားတဖက်တွင် တော်လှန်ရေးအင်အားစုများ ပါ၀င်သည့် ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့နှစ်ဖွဲ့အား ပေါင်းစည်းပေးရန် စိတ်ကူးစိတ်သန်းသည် ခက်ခဲနက်နဲလှသည်။ ပထမအချက်အနေဖြင့် အနာဂတ် အာဏာဖွဲ့စည်းတည်ဆောက်ပုံတွင် မြန်မာစစ်တပ်က တစိတ်တပိုင်း ပါဝင်မည်ဟု ယူဆချက်သည် ငြိမ်းချမ်းသော မြန်မာနိုင်ငံတော်သစ်အား ထူထောင်ရန် ပြည်သူများ၏ စိတ်အားထက်သန်မှု၊ ကြီးမားသော စွန့်လွှတ် အနစ်နာခံမှုနှင့် ကြိုးပမ်းအားထုတ်မှုများကို ဆုတ်လျော့ပျက်ပြားစေသည်။

ဒုတိယအချက်အနေဖြင့် တိုင်းရင်းသားဒေသများရှိ ရှိရင်းစွဲ ဒေသအလိုက် အုပ်ချုပ်ရေးများကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်ပေးနေသော နေရာများနှင့် အလယ်ပိုင်းဒေသများရှိ အုပ်ချုပ်ရေးအသစ်များ ဖော်ဆောင်ပေးနေသည့် နေရာများရှိ ပကတိ မြေပြင်အနေအထားများကို ယင်းက မျက်ကွယ်ပြုထားသည်။ တတိယအချက်အနေဖြင့်  တော်လှန်ရေးအင်အားစုများသည် မဟာမိတ်ဖွဲ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေစဉ် တပြိုင်တည်း၌ပင် ယင်းတို့အနေဖြင့် ပေါင်းစည်းထားသော မူဝါဒလမ်းစဉ်နှင့်အတူ သီခြားအဖွဲ့တစ်ခု မဟုတ်ပေ။ စေ့စပ်ညှိနှိုင်းရေးအတွက် ဖိအားများ သည် အုပ်ချုပ်ရေးအသစ်သို့ အသွင်ကူးပြောင်းမှု မည်သို့မည်ပုံ ဖြစ်လာနိုင်သည်နှင့် ဖြစ်လာနိုင်မည်ကို စူးစမ်းရှာဖွေရန်အတွက် ထိခိုက်ခံစားနေရသော လူမှုအသိုင်းအဝိုင်းနှင့်အတူ စစ်မှန်သော တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အချိန်ကို ဖန်တီးပေးထားသည့် လိုအပ်သော အားလုံးပါဝင်နိုင်သော လုပ်ငန်းစဉ်များကို ဟန့်တားထားသည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း မြန်မာစစ်တပ်သည် မရေတွက်နိုင်သော အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကို အကျပ်ကိုင်ခြင်း သို့မဟုတ် အင်အားသုံးခြင်းများ လုပ်ဆောင်ခဲ့သည်။ ထို့နောက် စစ်တပ်သည် တိုင်းရင်းသားနယ်မြေများတွင် အကြမ်းဖက်မှုများ ပိုမိုလုပ်ဆောင်ခြင်း၊ စစ်အင်အားများ တိုးချဲ့ခြင်း၊ တိုင်းရင်းသား ဘိုးဘွားပိုင်မြေယာများကို သိမ်းယူခြင်း၊ ဘဘာ၀သယံဇာတများကို အဓမ္မလုယူခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခြင်း စသည်တို့ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို စစ်တပ်က တဖက်သက် ချိုးဖောက်ခဲ့သည်။ ယင်းကြောင့် လူပေါင်းသောင်းချီ အသက်ဆုံးရှုံးခဲ့ရပြီး သန်းချီသောပြည်သူများ ပြည်တွင်း သို့မဟုတ် အိမ်နီးချင်းနိုင်ငံများသို့ ဒုက္ခသည်များအဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ကြီးမားသော ဆင်းရဲဒုက္ခများကို ဖြစ်ပေါ်စေခဲ့သည်။ ဤအပစ်အခတ်ရပ်စဲရေး သို့မဟုတ် အမည်ခံငြိမ်းချမ်းရေး သဘောတူညီချက်များတွင် တူညီသော အချက်တစ်ခုရှိသည်။ ယင်းမှာ စေ့စပ်ညှိနှိုင်းခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများအဖြစ် ပူးပေါင်းပါဝင်ရန်၊ တရားမျှတမှုနှင့် တာဝန်ယူမှု/တာဝန်ခံမှုအတွက် အသံများကို ထုတ်ဖော်ရန်အတွက် ပဋိပက္ခဒဏ်သင့်သော လူမှုအသိုက်အဝန်းများ၊ မြေပြင်မှ အမျိုးသမီးများနှင့် လူငယ်များ၏ ပါဝင်နိုင်မှု အခင်အကျင်းကို လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူ အားလုံးသည်က ဖန်တီးမပေးခဲ့ပေ သို့မဟုတ် အသိအမှတ် မပြုခဲ့ပေ။ ထိခိုက်ခံစားရသော အောက်ခြေပြည်သူများ၏ ပြီးပြည့်စုံပြီး အဓိပ္ပါယ်ပြည့်ဝသော ပူးပေါင်းပါဝင်မှုနှင့် ဆုံးဖြတ်ချက်များချမှတ်နိုင်ခြင်းမရှိဘဲ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုသည် မည်သို့ ရေရှည်တည်တံ့ခိုင်မြဲမည်နည်း။

၂၀၁၄ ခုနှစ်တွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က စစ်တပ်၏ မုဒိမ်းကျင့်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည့်အချိန်က အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ UNSCR 1325 ၏ ချန်ပီယံတစ်ဦးဟု အခိုင်အမာဆိုသူ ဦးဆောင်ငြိမ်းချမ်းရေး အလှူရှင်တစ်ဦးက ဤအစီရင်ခံစာသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေနိုင်သည်ဟုဆိုကာ အစီရင်ခံစာအတွက် နိုင်ငံတကာ စည်းရုံးဆော်သြမှု ပလက်ဖောင်းတစ်ခု ပံ့ပိုးပေးရန် ၎င်း၏ ကနဦး ကတိကဝတ်ကို ရုပ်သိမ်းလိုက်သည်ကို မိမိ အမှတ်ရမိသည်။ ထိုမျှမက အခြားသော အမျိုးသမီးအဖွဲ့များကလည်း တရားမျှတမှု၊ တာဝန်ယူမှု/တာဝန်ခံမှုနှင့် စစ်တပ်၏ အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ၎င်းတို့၏ စည်းရုံးဆော်သြမှုများကို နှုတ်ဆိတ်စေရန် ကြိုးပမ်းခဲ့သည့် အလှူရှင်များနှင့် ကြုံတွေ့ခဲ့ရသည်။ မြန်မာစစ်တပ်က တိုင်းရင်းသူများအပေါ် မုဒိမ်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်သည့် အကြောင်းကို အမျိုးသမီးများ ဆွေးနွေးပွဲတစ်ခုတွင် ဆွေးနွေးတင်ပြခဲ့သည့်အချိန် အတွေ့အကြုံတစ်ခုကိုလည်း မိမိအနေနှင့် အထင်းသား မှတ်မိနေသည်။ မိမိက နားလည်သဘောပေါက်မှုများ နက်ရှိုင်းလာစေရန်နှင့် စည်းလုံးညီညွတ်မှု တည်ဆောက်ကြရန် ဤကိစ္စရပ်အပေါ် စူးစိုက်လုပ်ဆောင်ရန် မတူညီသော နောက်ခံသမိုင်းကြောင်းများရှိသည့် အမျိုးသမီးများအတွက် လိုအပ်ချက်များကို ပြောကြားခဲ့စဉ် ပွဲစီစဉ်သူများက မိမိအား တားဆီးရန် ကြိုးပမ်းကာ ဆွေးနွေးပွဲ တက်ရောက်လာသော မြန်မာစစ်တပ် ဗိုလ်ချုပ်ကတော်များကလည်း မိမိအား ‘ငြိမ်းချမ်းရေးအဖျက်သမား’ ဟူ၍ စွပ်စွဲခဲ့ကြပြီး မုဒိမ်းကောင်များ၏လုပ်ရပ်များကို အားပေးအားမြောက်လုပ်ရန် ကြိုးပမ်းခဲ့သည်။ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး လုပ်ငန်းစဉ်များကို မြေပြင်မှ အမျိုးသမီးများ အထူးသဖြင့် အသက်ရှင်ကျန်ရစ်သူများနှင့် ထိခိုက်ခံစားရသော လူမှုအသိုင်းအ၀ိုင်းက အမျိုးသမီးများက စစ်မှန်စွာနှင့် ထိရောက်စွာ ဦးဆောင်မှုပေးရန် မိမိတို့ အမျိုးသမီးတက်ကြွလှုပ်ရှားသူများက သေချာစီမံဆောင်ရွက်ရမည်ဆိုသည်ကို ဤအတွေ့အကြုံက သင်ခန်းစာပေးခဲ့သည်။ စစ်ပွဲဒဏ်သင့် လူအဖွဲ့အစည်းအတွင်း အမြစ်တွယ်နေသော အမျိုးသမီးများအား ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင် အခရာကျသော အခန်းကဏ္ဍများတွင် ပါ၀င်နိုင်စေရန်အတွက် ပံ့ပိုးကူညီပေးရန် လုပ်ငန်းစဉ်းများကို လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ရေး အမျိုးသမီးခေါင်းဆောင်များက ကူညီပံ့ပိုးပေးရမည်။ ဒေသခံအမျိုးသမီး အဖွဲ့အစည်းများနှင့် အမျိုးသမီးခေါင်းဆောင်များ၏ ပံ့ပိုးကူညီမှုနှင့်အတူ အောက်ခြေအလွှာမှ အမျိုးသမီးများက ဦးဆောင်အကောင်အထည် ဖော်နေသော Women of Burma/Myanmar’s Peace Agenda ကို အဆိုပြုလိုသည်။ အမျိုးသမီး ငြိမ်းချမ်းရေး လှုပ်ရှားမှုတစ်ခု လိုအပ်နေသည်။ ယင်းသည် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး လုပ်ငန်းစဉ်ကို မြေပြင်ရှိ အမျိုးသမီးများက အမှန်တကယ် ထိထိရောက်ရောက် တွန်းအားပေး လုပ်ဆောင်လာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ယနေ့ဆိုလျှင် မိမိတို့အနေနှင့် ငြိမ်းချမ်းရေးကို ဦးတည်သည့် လမ်းကြောင်းသစ်တစ်ခုကို လျှောက်လှမ်းရန် အခွင့်အလမ်းတစ်ခု ရှိနေပြီဖြစ်သည်။

ယခုအချိန်သည်  မိမိတို့အနေဖြင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့များကို ကျော်လွန်၍ အောက်ခြေမှ ငြိမ်းချမ်းရေး တည်ဆောက်သူများ၊ အပြောင်းအလဲကို ဆောင်ကြဉ်းပေးနိုင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ်၏ အနာဂတ်အား အဆုံးအဖြတ်ပေးရန်  တော်လှန်ရေး၏ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆုံးဖြတ်ချက် ချမှတ်ရာတွင် တစိတ်တပိုင်းအားဖြင့် ပါ၀င်မှုရှိလာစေရန် တစုတစည်းတည်း ပေါင်းစည်းရမည့် အချိန်ဖြစ်သည်။ ဆုံးဖြတ်ချက်များ ချမှတ်ရန် အခန်းတစ်ခန်းတည်းတွင် လူထောင်ချီ၍ မစုရုံးနိုင်သော်ငြား ပြည်သူများအနေဖြင့် အားလုံးပါဝင်နိုင်ပြီး အဓိပ္ပာယ်ပြည့်ဝသော လူထုအခြေပြု ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ကာ ၎င်းတို့၏ သက်ဆိုင်ရာ ကိုယ်စားလှယ်များကို ရွေးချယ်နိုင်ပြီး ၎င်းတို့၏ ရွေးချယ်ထားသော ကိုယ်စားလှယ်များမှတဆင့် အကြံပြုချက်များ ပေးနိုင်သည်။ လေးစားစရာကောင်းသည်မှာ အချို့သော တိုင်းရင်းသားအသိုက်အဝန်းများသည် ငြိမ်းချမ်းရေး ဆွေးနွေးမှုအတောအတွင်း လွန်ခဲ့သော ၁၀ နှစ်ကျော်က မြေပြင်မှ သက်ဆိုင်သူများနှင့် အကြံပေးဆွေးနွေးမှုအချို့ ပြုလုပ်ရန် ကြိုးပမ်းခဲ့ကြသည်။ ဥပမာအားဖြင့် ရှမ်း၊ ကရင်နှင့် အခြားသော တိုင်းရင်းသားများ ပါဝင်သည်။ သို့သော် မြန်မာစစ်တပ်က ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို ဟန့်တားပိတ်ဆို့ခဲ့သည်။ လက်ရှိတော်လှန်ရေးတွင်မူ မြန်မာနိုင်ငံရှိ မတူကွဲပြားသော အသိုက်အဝန်းများအကြား ပြည်သူကို အခြေပြုသည့် အာဏာခွဲဝေမှုနှင့် အုပ်ချုပ်ရေးစီမံချက်များကို ဆွေးနွေးရန်အတွက် အခြေခံလူတန်းစားများကို စည်းရုံးရန် မရှိမဖြစ်လိုအပ်သည်။ တစ်နည်းအားဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုအဖြစ် ပြည်သူအချင်းချင်း လူ့အဖွဲအစည်းအချင်းချင်း လုပ်ဆောင်သော တွေ့ဆုံဆွေးနွေးမှုများ မရှိမဖြစ် လိုအပ်သည်။

စစ်တပ်နှင့် နေပြည်တော်တွင် အခြေစိုက်သည့် စစ်အစိုးရ ဖွဲ့စည်းတည်ဆောက်ပုံများနှင့် ဌာနချုပ်များကို လုံးလုံး လျားလျား ဖြိုချဖျက်ဆီးရန် တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်စွာ ပေါင်းစည်းခြင်းသည် တော်လှန်ရေးအတွက် ထိပ်တန်းဦးစားပေးအဆင့် ဖြစ်သည်။ တော်လှန်ရေးအင်အားစု တဖွဲ့ချင်းစီကလည်း အထူးသဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များက ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေများကို ပြန်လည်ရယူပြီး အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးများအား ထူထောင်ပြီး ခိုင်မာအားကောင်းအောင် လုပ်ဆောင်ခြင်းသည် အခြေခံလိုအပ်ချက်ဖြစ်ပြီး အလွန်အရေးပါသည်။ မည်သို့ပင်ဆိုစေကာမူ ရေရှည်ရှင်သန်နိုင်ရေးအတွက် ဗဟိုစစ်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းရန် လိုအပ်သည်။ မြန်မာစစ်တပ်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လာစေပြီး လာမည့်နှစ်တွင် ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများကို နိုင်ငံတကာ ပါ၀င်ပတ်သက်သူများက ဖိအားပေးနေသည့် အဓိကအကြောင်းရင်းဖြစ်သည့် နေပြည်တော်ရှိ အာဏာနှင် အုပ်ချုပ်ရေး လစ်ဟာမှုကို ယင်းက ဖန်တီပေးမည်။ သို့သော် ဤလောဂျစ်က အမှားဟောင်းများကို ထပ်ခါတလဲလဲ ဖြစ်ပေါ်စေပြီး စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု အခင်အကျင်းအသစ်ကို တည်ဆောက်ရန်အတွက် အခွင့်အလမ်းကို လက်လွတ်ဆုံးရှုံးသွားစေသည်။ အဆိုပါ နေပြည်တော်ရှိ အာဏာနှင့်အုပ်ချုပ်ရေး လစ်ဟာမှုကို တော်လှန်ရေးအင်အားစုများက အုပ်ချုပ်သော အခွင့်အာဏာဖြင့် အသွင်ကူးပြောင်းရေး အစီအစဉ်တွင် အာဏာခွဲဝေမှုဆိုင်ရာ သဘောတူညီချက်ဖြင့် ဖြည့်စွက်နိုင်သည်။

ထိလွယ်ရှလွယ်ပြီး ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီး လိုအပ်သည့် နောက်ထပ် ပြဿနာတစ်ခုမှာ မြန်မာနိုင်ငံကို ဗမာအများစုက တဖန်ပြန်လည် ထိန်းချုပ်မည်ဟူသော ယူဆချက်ပင်ဖြစ်သည်။ အခြားသော တိုင်းရင်းသားများထဲတွင် လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်ထားသော ဗမာလူမျိုးများနှင့်အတူ တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်ရန် နောက်ဆုံးတွင် ကစားကွင်းကို အဆင့်သတ်မှတ်ရန် ဤတော်လှန်ရေးကြီးတွင် အလားအလာရှိနေသည်။ ပထမဆုံးအနေနှင့် အင်စတီကျူးရှင်းလည်းဖြစ်၊ အမြစ်တွယ်နေသော ဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးသည့် ဗဟိုစနစ်လည်းဖြစ်သည့် မြန်မာစစ်တပ်ကို အပြီးအပြတ် ဖြိုချဖျက်သိမ်းရန် လိုအပ်သည်။ ဗမာခေါင်းဆောင်ပိုင်းသည် ဗမာတိုင်းရင်းသားများ၏ လိုအပ်ချက်များနှင့် မျှော်မှန်းချက်များကိုသာ ကိုယ်စားပြုပြီး၊ လူအများစုဖြစ်နေမှုသည် လူတိုင်းလူတိုင်းကို ကိုယ်စားပြု၍ မရကြောင်းကို နားလည်သဘောပေါက်ပြီး လက်ခံ အသိအမှတ်ပြုရမည်ကို မိမိတို့အချင်းချင်းကြား လက်ခံအသိအမှတ်ပြုရန်လည်း လိုအပ်သည်။ ဤအခြင်းအရာသည် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံအသစ်အတွက် အသွင်ကူးပြောင်းရေး အာဏာအတွက် မဟာဗျူဟာနှင့် ပေါင်းစည်းညှိနှိုင်းထားသော စီမံချက်များ ချမှတ်ရာတွင် အတားအဆီးတစ်ခု ဖြစ်သည်။

ဤတော်လှန်ရေးကြီးသည် ဗမာလူမျိုးများက လွှမ်းမိုးချုပ်ကိုင်ရေး သို့မဟုတ် နိုင်ငံရေးကို ပြန်လည်ထိန်းချုပ်မှု ရယူရေး မဟုတ်ကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတို့က တရားဝင်ထုတ်ဖော် ပြောဆိုခြင်းအားဖြင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများနှင့် ယုံကြည်မှုတည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။ ထို့ပြင် တော်လှန်ရေးကြီး ပြီးဆုံးချိန်၌လည်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ ရလဒ်အပေါ်အခြေခံ၍ နိုင်ငံအာဏာကိုရယူရန် ရည်ရွယ်ချက် မရှိကြောင်းကိုလည်း ရှင်းရှင်းလင်း ထုတ်ဖော်ပြောဆိုသင့်သည်။ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီအတွက် မတူကွဲပြားသော လူမှုအသိုက်အဝန်းများ၏ တန်းတူညီမျှ ကိုယ်စားပြုမှုကို အာမခံချက်ပေးသော အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များဖြင့် ရှေ့သို့ ဆက်လက်လျှောက်လှမ်းရန် ကတိက၀တ်များ ထားရှိရမည်။  ရေရှည်တည်တံ့ခိုင်မြဲသော ဖြေရှင်းချက်များအတွက် တိုင်းရင်းသားအုပ်စုများအကြားနှင့် အုပ်စုများအတွင်း ပြုလုပ်သော တွေ့ဆုံဆွေးနွေးမှုများကို ကူညီပံ့ပိုးပေးရမည်။ သို့သော် စစ်တပ်ကို ချန်လှပ်ထားရမည်။ သက်ဆိုင်သူအတိုက်အခံများအားလုံး ပါဝင်သည့် အားလုံးပါ၀င်နိုင်မှုရှိပြီး ဗဟိုချုပ်ကိုင်မှုလျှော့ချသော ချဉ်းကပ်မှုသည် စစ်တပ်၏ သွေးခွဲအုပ်ချုပ်ရေး နည်းဗျူဟာကို ပိုမိုအမြစ်တွယ်စေသည့် စစ်တပ်က ဖန်တီးထားသော မည်သည့်လုပ်ငန်းစဉ်များထက်မဆို ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှုဆီသို့ ပို၍ပင် ဦးတည်သွားစေနိုင်သည်။ လူမှုအသိုက်အဝန်း အားလုံးအတွက် စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရရှိရန် ဤအရေးပါသော အရွှေ့အပြောင်းအတွက် စစ်မှန် သော နိုင်ငံရေးသတ္တိ ရှိရန်လိုအပ်သည်။

ယခုအချိန်သည် မြန်မာနိုင်ငံတော်သစ် ထူထောင်ရန်နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များအတွက် အခြေခံအုတ်မြစ်များ ချမှတ်ရန် ဤပြည်သူ့တော်လှန်ရေးအတွင်း မြန်မာနိုင်ငံ ပြည်တွင်းဖြစ်နှင့် ဒေသခံများဦးဆောင်သော စစ်မှန်သည့် ငြိမ်းချမ်းရေးတည်ဆောက်မှု ပဏာမခြေလှမ်းများကို အပြည့်အဝ ထောက်ခံအားပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အချိန်ကောင်းလည်း ဖြစ်သည်။

မကြာသေးမီက ညီလာခံတစ်ခုမှာ အနောက်တိုင်းသံတမန်တစ်ဦးက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာမှု ရှိသလားဟု မိမိအား မေးမြန်းခဲ့သည်။ မိမိအနေနှင့် ထိုဥပဒေကို လေးစားလိုက်နာရန် တော်လှန်ရေးအင်အားစုအချို့၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုခဲ့ပြီး၊ အချို့သောအင်အားစုများက ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များအပေါ် မိမိ၏ စိုးရိမ်ပူပန်မှုကိုလည်း အရှိအတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့နောက် အဆိုပါသံတမန်အား အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို တော်လှန်ရေးအင်အားစုများက လေးစားလိုက်နာလာအောင် ၎င်းတို့ကို ကူညီပေးဖို့ မည်သည်များ လုပ်ဆောင်နေပါသလဲ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီနှင့် အရင်းအမြစ်များကို ပံ့ပိုးပေးနေပါသလားဟု မိမိက ပြန်လည်မေးခွန်း ထုတ်ခဲ့သည်။ ‘ရာဇ၀တ်မှုများကို အဖွဲ့အားလုံးက ကျူးလွန်သည်' ဆိုသော ယေဘုယျ ပြောဆိုချက်သည် မြန်မာစစ်တပ်က ပြည်သူလူထုတစ်ရပ်လုံးအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့သော မကြုံစဖူးသော အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှု အတိုင်းအတာကို အသိအမှတ်ပြုရန် ပျက်ကွက်နေသည်။ မြန်မာစစ်တပ်နှင့် မတူသည့်ချက်မှာ EROs နှင့် PDFs များသည် ချဉ်းကပ်ရလွယ်ကူပြီး၊ အများစုကလည် မှန်ကန်သည့် အရာများကို လုပ်ဆောင်ရန် ကြိုးပမ်းနေကြသည်။ ထိုအတွက် ယခုအချိန်သည် ၎င်းတို့အား ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးရမည့် အချိန်ဖြစ်သည်။

ကုလသမဂ္ဂအထူးသံတမန် Julie Bishop အနေနှင့် လာမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သူမ၏ အကြံပြုတင်ပြချက်များအပေါ် ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲ ဂယက်ရိုက်မှုများကို ဂရုတစိုက် ထည့်သွင်းစဉ်းစားထားရန်လည်း အရေးကြီးသည်။ ယခင် ကုလအထူးသံတမန်များ လက်ထက်က မည်သည့်ဖြေရှင်းမှုမျိုးမှ မအောင်မမြင် ဖြစ်ခဲ့ရခြင်းမှာ အထူးသဖြင့် ၎င်းတို့၏ ချဉ်းကပ်မှုများသည် ပြည်သူလူထုအစား မြန်မာစစ်တပ်ကို ဖြေရှင်းချက် ဗဟိုချက်မတွင် ထားရှိကာ ချဉ်းကပ်ခဲ့သောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေသော နိုင်ငံရေးအကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကုလအထူးသံတမန်အတွက် ရှင်းလင်းပြတ်သားသော အခွင့်အာဏာလည်း မရှိပေ။ အရပ်သားများကို အကာအကွယ်ပေးရန်၊ တရားမျှတမှုနှင့် တာဝန်ယူမှု/တာဝန်ခံမှုများကို အခွင့်အာဏာတွင် ထည့်သွင်းပြင်ဆင်ပေးရန်အတွက် ယခင်အထူးသံတမန် စတင်တာ၀န်ထမ်းဆောင်ချိန်ကတည်းက မိမိတို့ လှုံ့ဆော်စည်းရုံးခဲ့ပြီး ဖြစ်သည်။ လက်ရှိ ကုလအထူးသံတမန် Bishop အနေနှင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အခွင့်အာဏာကို ပြင်ဆင်ဖြည့်စွက်ရန် တောင်းဆိုသင့်သည်။ ထိုမှသာ သူမအတွက် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ် တည်ဆောက်ရန် ပြည်သူများ၏ စိတ်ဆန္ဒပြင်းပြမှုကို ကျားကန်ပေးနိုင်ပြီး၊ အကျပ်အတည်း၏ အရင်းခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အပါအဝင် အကျပ်အတည်းအားလုံးကို ထိရောက်စွာ ဖြေရှင်းစေနိုင်မည်ဖြစ်သည်။ အနာဂတ်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးတွင် စစ်တပ်အတွက် နေရာမရှိ ဆိုသည့်အချက်ကို Bishop အနေနှင့် မြန်မာပြည်သူများအား အခိုင်အမာပြောဆိုပြီး အသိအမှတ်ပြုရန်လည်း အထူးအရေးကြီးလှသည်။

မြန်မာစစ်တပ်ကို ဖြိုချဖျက်သိမ်းလိုက်ခြင်းအားဖြင့် အာဆီယံဒေသတစ်ခုလုံးတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကောင်းဆုံး ဆောင်ကျဉ်းပေးနိုင်သည့်အတွက် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများကလည်း မြန်မာပြည်သူများကို ထောက်ခံအားပေးသင့်သည်။ အာဆီယံအနေဖြင့် ၎င်း၏ မအောင်မြင်သော ဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်ကာ ရှေ့ဆက်သွားရမည်ဖြစ်ပြီး တော်လှန်ရေးကြီးတွင် ပါဝင်ပတ်သက်သူများနှင့် တရားဝင် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ရမည်ဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် မြန်မာလူထု၏ ခုခံတော်လှန်ရေးအပေါ် ၎င်း၏ ကျူးကျော်ရန်လိုမှုနှင့် ခြိမ်းခြောက်မှုများကို ရပ်တန့်ရမည် ဖြစ်သည်။ အနေအထား အရွှေ့အပြောင်းသစ်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်သစ်၏ တာဝန်ထမ်းဆောင်မှုကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထောက်ခံအားပေးသည့် နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂ၏ သဘောတူထောက်ခံချက်သည် မြန်မာစစ်အုပ်စု ပါ၀င်သည့် ရွေးကောက်ပွဲများမှတဆင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေး ဦးတည်စေမည့် ပုံသေကားကျ လုပ်ငန်းစဉ်များဖြစ်သည်ဟု တရုတ်နိုင်ငံက ယူဆသည်မှာ ရှင်းလင်းထင်ရှားသည်။ ယခုကဲ့သို့ ကုလအထူးသံတမန်အပေါ် တရုတ်၏ လတ်တလော ထောက်ခံနေမှုသည် အထူးသံတမန်၏ အခွင့်အာဏာ အပြောင်းအလဲဖြစ်ရေး တောင်းဆိုမှုကို ပို၍ပင် အရေးတကြီး ဖြစ်စေသည်။

မြန်မာစစ်တပ်သည် ငြိမ်းချမ်းရေးအတွက် မည်သည့် နိုင်ငံရေးဆန္ဒမျှ မရှိကြောင်း ထပ်တလဲလဲ ပြသပြီးဖြစ်သည်။ စစ်တပ်သည် ဗမာဗုဒ္ဓဘာသာများ၏ အာဏာလွှမ်းမိုးချုပ်ကိုင်မှုကို ပို၍ခိုင်မာစွာ အမြစ်တွယ်စေပြီး၊ ဗမာမဟုတ်သော ဗုဒ္ဓဘာသာဝင်များ မဟုတ်သော အသိုက်အ၀န်းများအပေါ် စနစ်တကျ ဖိနှိပ်ညှဉ်းပန်းမှုများ လုပ်ဆောင်နေစဉ် နိုင်ငံတကာအသိုင်းအဝိုင်းသည် ဗဟိုစနစ်တွင် မြန်မာစစ်တပ် ဆက်လက်တည်ရှိအောင် ကျောထောက် နောက်ခံပြုနေသည် ဆိုသည့်အချက်ကို ၎င်းတို့အနေနှင့် အပြည့်အဝ နားလည်ခြင်း မရှိပေ။ ယင်းအား ပြောင်းလဲပစ်ရမည် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ၎င်းတို့၏ ချဉ်းကပ်မှုပုံစံများကို ပြောင်းလဲရန် လိုအပ်ပြီး၊ မြန်မာစစ်တပ်နှင့် ၎င်း၏ ဗဟိုဖွဲ့စည်းတည်ဆောက်မှုပုံစံများ မပါဝင်သော အသွင်ကူပြောင်းမှုဆိုင်ရာ အုပ်ချုပ်ရေးများကို ထူထောင်ပြီး မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းအားထုတ်နေသော တော်လှန်ရေးကြီးကိုလည်း အားပေးထောက်ခံရမည် ဖြစ်သည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို အာမခံရန် အကောင်းဆုံးနည်းလမ်းမှာ မြန်မာနိုင်ငံ၏ တရားဝင် သက်ဆိုင်သူအားလုံး (အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ မတူကွဲပြားသော အရပ်ဘက်အဖွဲ့အစည်းများ) အားလုံးအတွက် နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မဟာဗျူဟာများနှင့် အစီအစဉ်များ ချမှတ်ရေးဆွဲရန်၊ ပြည်သူချင်း လူမှုအသိုက်အဝန်းချင်းကြား ဆွေးနွေးမှုများ လုပ်ဆောင်ရန်၊ သက်ဆိုင်သူများကြား ညှိနှိုင်းတိုင်ပင်မှုများ လုပ်ဆောင်ရန်အတွက် ဘေးကင်းလုံခြုံပြီး အထောက်အကူပြုသော နယ်ပယ်အခင်းအကျင်းများနှင့် အရင်းအမြစ်များ ဖန်တီးပေးရန် ဖြစ်သည်။ ထိုင်းနိုင်ငံသည် အဆိုပါအခင်းအကျင်းများကို လက်လှမ်းမီနိုင်သလောက် ပံ့ပိုးကူညီရန် အဓိက အခန်းကဏ္ဍတွင် ပါ၀င်နေမည်ဖြစ်ပြီး၊ ၎င်း၏ ရှည်လျားသော နယ်နမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံအပေါ်တွင် စစ်မှန်သော ထောက်ခံအားပေးမှုနှင့် အာဆီယံအတွင်း ၎င်း၏ ခေါင်းဆောင်မှုကို ပြသရန်အတွက် အထိရောက်ဆုံး နည်းလမ်းလည်း ဖြစ်ပေမည်။

မြန်မာပြည်သူများသည် ငြိမ်းချမ်းရေး၊ လူသားလုံခြုံရေးနှင့် တည်ငြိမ်သော အသက်မွေးဝမ်းကြောင်းဆိုင်ရာ အာမခံချက်၊ စစ်အုပ်ချုပ်ရေးနှင့် ဖိနှိပ်ချုပ်ချယ်မှုများ အဆုံးသတ်ရေးကို အပြင်းအထန်လိုလားနေကြသည်။ ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ဆရာမ နော်စီဖိုးရာစိန်၏ စွမ်းစွမ်းတမံဆောက်ရွက်မှုများကို လေးစားဂုဏ်ပြုသောအားဖြင့် တာဝန်ယူမှု/တာဝန်ခံမှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး အခြေခံမူများအပေါ် မိမိတို့အား အပေးအယူလုပ်ရန် တွန်းအားပေးသည့် ဆေးမြီးတိုကုထုံးများကို လက်မခံဘဲ၊ မြန်မာနိုင်ငံရှိ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများ၏ ညှိနှိုင်းဆွေးနွေးမှုများနှင့် ကိုယ်စားပြုမှုများကို အာမခံချက်ပေးသော စစ်မှန်ပြီး ရဲရင့်ပြတ်သားသော ကတိကဝတ်များနှင့်အတူ စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်ရန် မိမိတို့အားလုံး ကတိပြုကြပါစို့…။

ခင်ဥမ္မာ  (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

ဆောင်းပါးရှင် ဒေါ်ခင်ဥမ္မာ သည် ရှေ့ပြေးအသံအဖွဲ့ (Progressive Voice ) ကို တည်ထောင်သူဖြစ်ပြီး  ၁၉၈၈  ရှစ်လေးလုံး လူထုအရေးတော်ပုံကာလကတည်းက ယခုတိုင် မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် တစိုက်မတ်မတ် ပါဝင်လှုပ်ရှားဆောင်ရွက် နေသူတစ်ဦး ဖြစ်ပါသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024