Home
မြန်မာသတင်း
မြန်မာ အပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ကုန်သွယ်မှုအများဆုံး နိုင်ငံများစာရင်း အိမ်ဖြူတော် ထုတ်ပြန် 
DVB
·
September 16, 2024

လာမယ့် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာပေါ်မှာ တရားမဝင်မူးယစ်ဆေးဝါး သယ်ယူပို့ဆောင် ထုတ်လုပ်မှု အများဆုံး ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတွေစာရင်းကို အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ရာမှာ  မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။

ဒီထုတ်ပြန်ချက်ကိုတော့ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာအရ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စက်တင်ဘာ ၁၅ ရက်မှာ အိမ်ဖြူတော် ဝက်ဘ်ဆိုဒ်ကနေ ထုတ်ပြန်လိုက်တာပါ။

၂၀၀၃ ဘဏ္ဍာရေးနှစ်က ရေးဆွဲခဲ့တဲ့ ပြည်ပနိုင်ငံများနဲ့ဆက်ဆံရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (FRAA) ပါ ပုဒ်မ ၇၀၆ (၂)(က) အရ ဘိုလီဗီးယား၊ မြန်မာနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ဟာ ၁၉၆၁ ပြည်ပအထောက်အပံ့ အက်ဥပဒေ (FAA) ရဲ့ ပုဒ်မ ၄၈၉ (က)(၁) မှာ ပါရှိတဲ့ ဆောင်ရွက်ချက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူစာချုပ်တွေမှာ ပါရှိတဲ့ တာဝန်ဝတ္တရားတွေကို ပြီးခဲ့တဲ့ ၁၂ လအတွင်း လိုက်နာ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၂၅ ခုနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ် ကုန်သွယ်မှု အများဆုံး ဖြစ်နိုင်တဲ့ နိုင်ငံများ စာရင်းထဲမှာတော့ အာဖဂန်နစ္စတန်၊ ဘဟားမက်စ်၊ ဘလိစ်၊ ဘိုလီးဗီးယား၊ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ ကော့စတာရီကာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေဒို၊ ဂွါတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရက်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွါ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနဲ့ ဗင်နီဇွဲလား စတဲ့ နိုင်ငံတွေ ပါဝင်ပါတယ်။

ဒါပေမဲ့လည်း ဒီထုတ်ပြန်ချက်ဟာ အဲဒီနိုင်ငံအစိုးရတွေရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေအပေါ် ပြစ်တင်ဝေဖန်တာ ဒါမှမဟုတ် အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ ရည်ရွယ်တာမျိုးမဟုတ်ဘဲ နိုင်ငံရဲ့ ပထဝီဝင်အနေအထားနဲ့ စီးပွားရေး အခြေအနေတွေကြောင့် မူးယစ်ဆေးဝါး ကုန်သွယ်မှု ထိန်းချုပ်ရေး ဆောင်ရွက်ရာမှာ အဲဒီနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ထင်ဟပ်စေလိုတဲ့သဘောနဲ့ ရည်ရွယ် ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတရဲ့ ထုတ်ပြန်ချက်စာရင်းထဲမှာ ပါဝင်တဲ့ နိုင်ငံတွေဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တာဝန်တွေ လိုက်နာဖို့ ပျက်ကွက်ခဲ့တာကို စိစစ်တွေ့ရှိခဲ့ပေမဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို ကျယ်ပြန့်စေရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသတွင်း တည်ငြိမ်ဖွံ့ဖြိုးရေး စတဲ့ အရေးကိစ္စတွေဟာ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားတွေနဲ့ သက်ဆိုင်နေတဲ့အတွက် အဲဒီနိုင်ငံတွေကို ထောက်ပံ့နေတဲ့ အမေရိကန်ရဲ့ အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  

ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးစင်တာမှ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်အတွင်း  အမေရိကန်နိုင်ငံမှာ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲမှုကြောင့် သေဆုံးခဲ့ရသူဦးရေဟာ ခန့်မှန်ခြေအားဖြင့် လူပေါင်း ၁၀၇,၅၀၀ ကျော် အထိ ရှိခဲ့ပြီး ဒီ့အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင်တော့ ၃ ရာခိုင်နှုန်း ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က အမေရိကန်မှာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုကြောင့်  ခန့်မှန်းခြေ လူပေါင်း ၁၁၁,၀၀၀ ကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ ဂျိုးဘိုင်ဒန် အစိုးရလက်ထက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ သမိုင်းဝင် ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ပထမဆုံးအကြိမ်အနေနဲ့ ကျဆင်းခဲ့တာလို့ ဆိုပါတယ်။

အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာန (CBP) ဟာ ၂၀၂၃ ခုနှစ်၊ တနှစ်တည်းမှာပင် ဖန်တနိုင်း မူးယစ် ဆေးပြားပေါင်း ၁ ဒသမ ၂ ဘီလီယံဝန်းကျင်အထိ နယ်စပ်မှာ  ဖမ်းဆီးရမိခဲ့ပြီး အခုနှစ်၊ ပြီးခဲ့တဲ့ ၅ လအတွင်းမှာလည်း ဖန်တနိုင်းဆေးပြားပေါင်း ၄၄၂ သန်းကျော် သိမ်းဆည်း ရမိခဲ့ပါတယ်။

ဒါ့ကြောင့်ပဲ အမေရိကန်အစိုးရဟာ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေသူတွေကို ဖမ်းဆီးအရေးယူ အပြစ်ပေးနိုင်ဖို့နဲ့ နိုင်ငံတကာနဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့်နိုင်ဖို့ရည်ရွယ်ကာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ  မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ကို တည်ထောင်ခဲ့ပြီး အခုလက်ရှိမှာတော့ အဲဒီအဖွဲ့မှာ ကမ္ဘာတဝန်းမှ နိုင်ငံပေါင်း ၁၅၀ ကျော် ပါဝင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013