ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ၂၀၂၄ ခုနှစ်နောက်ပိုင်း သိမ်းပိုက်ရရှိထားတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက မြို့ရွာတွေမှာ မူးယစ်ဆေးဝါး တားဆီးရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ မြို့ရွာတွေမှာ မူးယစ်ဆေးဝါးတားဆီးရေးနဲ့ ပတ်သက်လို့ ကော်မတီတွေ ဖွဲ့စည်းထားပြီး တားဆီးရေးလုပ်ငန်းတွေ လုပ်နေတာလို့ ပြောပါတယ်။
KIO ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မူးယစ်ဆေးသုံးစွဲသူတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကို ဥပဒေတွေနဲ့အညီ တရားစီရင်တာတွေ ပြုလုပ်နေသလို မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မူဝါဒတွေ ချမှတ်ထားပြီး ပပျောက်အောင် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့မှာလည်း ပြီးခဲ့တဲ့ ဧပြီလ သိမ်းပိုက်ခဲ့တုန်းက မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးနဲ့ပတ်သက်ပြီး လူထုအခြေပြုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့သလို အခု ပြန်လည်သိမ်းပိုက်ပြီးနောက်မှာလည်း မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းတွေကြောင့် ရောင်းဝယ် ဖောက်ကားမှုနဲ့ သုံးစွဲတာတွေ လျော့ကျလာတာရှိပေမဲ့ အများနောက်ကွယ်မှာ ရောင်းဝယ် ဖောက်ကားမှုတွေ၊ သုံးစွဲမှုတွေရှိနေဆဲပဲလို့ လွယ်ဂျယ်မြို့က အမည်မဖော်လိုတဲ့ ဒေသခံတယောက်က ပြောပါတယ်။
လွယ်ဂျယ်မြို့ပတ်ဝန်းကျင်မှာ KIA တပ်သားတွေနဲ့ ရဲတပ်ဖွဲ့တွေU မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းတွေ ပုံမှန်လုပ်ဆောင်နေတာတွေ့ရတယ်လို့ လွယ်ဂျယ်မြို့ ဒေသခံ တယောက်ကပြောပြီး ပြီးခဲ့တဲ့ရက်ပိုင်းက လွယ်ဂျယ်မြို့ပေါ်က လွယ်ဂျယ်ဟိုတယ်မှာ ဟိုတယ် အခန်းတခန်းစာ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတာတွေရှိတယ်လို့ မြို့ခံတွေကနေ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့တော့ KIO ဘက်က အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာမြို့မှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ သုံးစွဲမှုအခြေအနေတွေ တဖြည်းဖြည်းနဲ့ နည်းလာတဲ့ အခြေအနေရှိတယ်လို့ နမ့်ဖတ်ကာ ဒေသခံတွေဆီက သိရပါတယ်။
မူးယစ်ဆေးဝါးဟာ လူသားတွေရဲ့ရန်သူဖြစ်ပြီး သုံးစွဲသူတွေရောင်းဝယ်သူတွေကို KIO/KIA က ပြဋ္ဌာန်းထားတဲ့ ဉပဒေတွေနဲ့အညီဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်သူတွေအချင်းချင်း ဆင့်ပွားအကြံပေးကြဖို့လည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။