မြန်မာနိုင်ငံဘက်ကနေ တရားမဝင် မှောင်ခိုသယ်ဆောင်လာတဲ့ အိုက်စ်နဲ့ ကတ်တမင်း မူးယစ်ဆေးဝါး အများအပြား ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်သို့ အထွက် စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၉ ရက်က ဖမ်းဆီးရမိခဲ့ပါတယ်။
ကရင်ပြည်ဘက်ကနေ ထိုင်းနိုင်ငံဘက်ကို သယ်ယူလာတဲ့ မူးယစ်ဆေးဝါးတွေကို မဲဆောက်မြို့နဲ့ တာခ်ခရိုင်လမ်းမကြီး၊ မဲ့လမောင်းတိုက်နယ် ခွေးယားဥစုပေါင်းစစ်ဆေးရေးဂိတ်မှာ မနေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့တာပါ။
ထိုင်း-မြန်မာနယ်စပ်ကနေ ဘန်ကောက်မြို့ကြီးဘက်ကို အသီးအရွက်ပုံမှန်ပို့တဲ့ ဟိုင်းလတ် ကားတစီးကို ခွေးယားဥစုပေါင်းစစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးတွေ စစ်ဆေးတွေ့ရှိတာဖြစ်ပြီး ယာဥ်မောင်းကို စစ်ဆေးမေးမြန်းရာပြီး ကွင်းဆက် တရားခံတွေကို ရှာဖွေစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ကားပေါ်မှာ အိုက်စ်မူးယစ်ဆေး ၃၀ အိတ်၊ အလေးချိန် ၇၅၀ ကီလို၊ ပေါက်စျေး ဘတ် ၁၁၂ သန်းဖိုးနဲ့ ကတ်တမင်း ၁၈ အိတ်၊ အလေးချိန် ၅၄၀ ကီလို၊ ပေါက်စျေးဘတ် ၄၃၂ သန်း စုစုပေါင်း ကာလတန်ဖိုး ဘတ် ၅၄၄ သန်းဖိုး ရှာဖွေစစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ကားကို သိမ်းဆည်းလိုက်ပြီး ကားမောင်းသမားကိုတော့ ၄၈ နာရီအတွင်း ထိုင်းနိုင်ငံတရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။