ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်းမြို့နယ်ရှိ မြန်မာနယ်စပ်အနီးမှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါးသယ်တဲ့အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပြီး လူ ၆ ယောက် သေဆုံးကာ စိတ်ကြွဆေးပြား ၁,၃၀၀,၀၀၀ ဖမ်းဆီးရမိတယ်လို့ မတ်တီချွန်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းကွန်မန်ဒိုတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၆ ရက် ညက မယ့်အိုင်းမြို့နယ်၊ ထာ့ဒွန်းကျေးရွာအုပ်စု ဘန့်ဟွေ့နမ့်ရင်ကျေးရွာအနီး တောထဲမှာ လုံခြုံရေးစောင့်ကြပ်စဉ် ည ၁၁ နာရီခွဲကျော်မှာတော့ မြန်မာနယ်စပ် တောလမ်းကနေ အထုပ်တွေ ထမ်းပိုးပြီး ဝင်ရောက်လာတဲ့ လူတစုကို တွေ့ရတယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။
တာဝန်ရှိသူဘက်က စစ်ဆေးဖို့ ရပ်မိန့်ပေးရာမှာ တဘက်က သေနတ်နဲ့ စတင်ပစ်ခတ်တယ်၊ ထိုင်းစစ်တပ်ကလည်း ပြန်ပစ်ပြီး နှစ်ဘက် အချိန်အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ သေနတ်သံတွေ ငြိမ်သွားပေမဲ့ ညအမှောင်ထဲ ဖြစ်နေတာကြောင့် နယ်မြေကို ပိတ်ဆို့ထားပြီး မိုးလင်းမှ နယ်မြေကို ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါနယ်မြေအနီးတဝိုက်မှာ ပြန့်ကျဲနေတဲ့ အမျိုးသားအလောင်း ၆ လောင်း၊ ကျောပိုးအိတ်အသွင် လုပ်ထားတဲ့ မြွေရေခွံအိတ် ၁၃ အိတ်၊ ထိုင်းလုပ်သေနတ် ၁ လက်၊ ကျည်ကပ် ၁ ကပ်၊ AK -47 အမျိုးအစားကျည်ခွံတွေ တွေ့ရှိတယ်လို့ ဆိုပါတယ်။
မြွေရေခွံအိတ် ၁ လုံးထဲမှာတော့ စိတ်ကြွဆေးပြား ၁၀၀,၀၀၀ စီထည့်ထားတာကြောင့် စုစုပေါင်း စိတ်ကြွဆေး ၁,၃၀၀၀,၀၀၀ သိမ်းဆည်းရမိတယ်။ သေဆုံးသူတွေဟာ တဘက်နိုင်ငံကလူတွေ ဖြစ်ဟန်တူတယ်လို့ ထိုင်းတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါနေရာဟာ မြန်မာနယ်စပ်နဲ့ ၁ ကီလိုမီတာသာ ကွာဝေးပြီး တဘက်ကမ်းမှာတော့ UWSA ‘ဝ’ တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင် တည်ရှိပါတယ်။
Source - Matichon