ဟွန်ဒူးရပ်စ်နိုင်ငံမှာ သမ္မတရဲ့ မိသားစု ဆွေမျိုးတော်စပ်သူဟာ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေနဲ့ စည်းရုံးရေး ရန်ပုံငွေတွေ အပေးအယူ ညှိနှိုင်းနေပုံပေါ်တဲ့ ဗီဒီယိုအရှုပ်တော်ပုံ ပေါ်ထွက်လာ တာကြောင့် စက်တင်ဘာ ၄ ရက်က သမ္မတ ရှောင်မာရာ ကက်စ်ထရိုကို နုတ်ထွက်ပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဦးဆောင်လှုပ်ရှားသူ တယောက်က တောင်းဆိုပါတယ်။
အဲဒီဗီဒီယိုကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ရိုက်ကူးထားတာဖြစ်ပြီး ဗီဒီယိုထဲမှာ သမ္မတ ရှောင်မာရာ ကက်စ်ထရိုရဲ့ ခင်ပွန်း သမ္မတဟောင်း မာနူယယ်ဇီလယာရဲ့ ညီဖြစ်သူ လွှတ်တော်အမတ်ဟောင်း ကားလော့စ် ဇီလယာဟာ ၂၀၁၃ ခုက လော့စ် ကာချီရိုစ် မူးယစ်ဂိုဏ်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဖိုင်တွေကို ပြသထားတာဖြစ်ပြီး အဲဒီဗီဒီယိုကို Insight Crime နဲ့ US စပိန်ဘာသာ အသံလွှင့်ဌာန ယူနီဗစ်ရှင်းတို့က စက်တင်ဘာ ၃ ရက်မှာ ထုတ်လွှင့်ခဲ့တာပါ။
အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကောင်စီ အကြီးအကဲ ဂါဘရီယယ်လာ ကက်စ်တယ်ယာနော့စ်က ဆိုရှယ်မီဒီယာပေါ်မှာ ကက်စ်ထရိုဆီ ပေးပို့တဲ့စာထဲမှာ သမ္မတရဲ့ မိသားစု အသိုက်အဝန်းကို ပြင်းထန်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စွပ်စွဲချက်တွေကြောင့် သမ္မတက နုတ်ထွက်သင့်နေပြီလို့ ဝေဖန် ပြစ်တင်ထားပါတယ်။
တကယ်လို့ ကက်စ်ထရိုသာ ရာထူးဆက်ယူထားမယ်ဆိုရင် ဗဟိုအမေရိကနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ထိခိုက်စေမှာဖြစ်ကြောင်းလည်း သူကပြောပါတယ်။
သူ့စာထဲမှာတော့ အကျင့်ပျက်ခြစားမှုတွေ ဆက်ဖြစ်ပေါ်နေတဲ့ အထောက်အထားကို မပြခဲ့ပါဘူး။
ဟွန်ဒူးရပ်စ်နဲ့ အမေရိကန်ပြည်ထောင်စုအကြားရှိ တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်ကို အဆုံးသတ်ဖို့ လက်ဝဲဝါဒီသမ္မတ ကက်စ်ထရိုက အမိန့်ပေးပြီးနောက် တပတ်အကြာမှာ အဲဒီဗီဒီယို ထွက်ပေါ်လာခဲ့တာပါ။
အဲဒီ တရားခံလွှဲပြောင်းရေး စာချုပ်အရ အကြီးစား ကိုကင်းရောင်းဝယ်မှု စွဲချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ သမ္မတဟောင်းကို နယူးယောက်မှာ တရားရင်ဆိုင်ဖို့ လွှဲပြောင်းပေးရာမှာ အသုံးပြုခဲ့ဖူးပါတယ်။
သမ္မတ ရှောင်မာရာ ကက်စ်ထရိုက သူ့ကို အာဏာသိမ်းဖို့ ကြံစည်မှုရှိနေကြောင်း ပြောကြားခဲ့ပြီး တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်ကို အသုံးချပြီးတော့ သူ့အစိုးရကို ခြိမ်းခြောက်အကျပ်ကိုင်ခြင်း သို့မဟုတ် ပုတ်ခတ်ပြောဆိုခြင်းတို့ကို မပြုလုပ်ဖို့ တားမြစ်သွားမယ်လို့ ဆိုပါတယ်။
Source-Reuters