Home
မြန်မာသတင်း
ထိုင်း-မြန်မာ နယ်စပ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုပမာဏ ၄ ဆမြင့်တက်
DVB
·
September 5, 2024

ထိုင်း-မြန်မာ နယ်စပ်တလျှောက် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ပမာဏဟာ မနှစ်ကထက်စာရင် ၄ ဆ ပိုများလာတယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောကြောင်း  စက်တင်ဘာ ၄ ရက် Thai PBS သတင်းမှာ ဖော်ပြပါတယ်။

မနှစ် ၂၀၂၃ ဒီဇင်ဘာ ၁ ရက်ကနေ ဒီ ၂၀၂၄ ဇူလိုင် ၃၁ ရက်ထိ ၈ လတာအတွင်း ထိုင်း-မြန်မာ နယ်စပ်မှာ စိတ်ကြွဆေးပြား သန်းပေါင်း ၂၁၀ ကျော်၊ အိုက်စ်မူးယစ်ဆေး ၁,၉၉၀ ကီလိုဂရမ်၊ ဟီးရိုးအင်း ၂၅၄ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁၉၀ ကီလိုဂရမ်၊ ခေတာမင်း ၂၁ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတရားခံ ၁,၅၇၈ ယောက်ကို  အရေးယူခဲ့တယ်၊ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ အဖွဲ့တွေနဲ့ ပစ်ခတ်မှု အကြိမ်ပေါင်း ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၅ ယောက် သေဆုံးခဲ့တယ်၊ ဒီဖမ်းဆီးရရှိမှု ပမာဏဟာ မနှစ်ကထက်စာရင် ၄ ဆ ပိုများလာတယ်၊ မနှစ်က စိတ်ကြွဆေး သန်းပေါင်း ၁၁၀ ဖမ်းဆီးရရှိခဲ့တယ်၊ အဲဒီမူးယစ်ဆေးဝါးတွေကို မြန်မာနယ်စပ် ချင်းရိုင်း၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ ဖယောဝ်း၊ တာ့ခ် စတဲ့ ခရိုင်တွေမှာ ဖမ်းမိခဲ့တာ ဖြစ်တယ်၊ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာလည်း ပိုပြီးများလာတယ်၊ အရင်က မူးယစ်ဆေးထုတ်လုပ်တဲ့အဖွဲ့ ၃ ဖွဲ့ကနေ ဒီနှစ် ၄ ဖွဲ့ရှိလာတယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲချုပ် ကန်ယရတ် လတ်ဘွန်းက ပြောသွားပါတယ်။

အထက်ပါပမာဏတွေဟာ ဖမ်းဆီးရမိခဲ့တဲ့ ပမာဏသာဖြစ်ပြီး နယ်စပ်တာဝန်ရှိသူတွေ စုံစမ်း ထောက်လှမ်းချက်အရ အတွင်းပိုင်းကို ဖြန့်ဖြူးဖို့ ထိုင်းနယ်စပ်မှာ လာရောက် သိုလှောင်ထားတဲ့ စိတ်ကြွဆေးပြား သန်းပေါင်း ၁၀၀၊ အိုက်စ်ဆေး ၁,၀၀၀ ကီလိုဂရမ်၊ ဟီးရိုးအင်း ၁၀၀ ကီလိုဂရမ် ရှိနေပါသေးတယ်။

တာဝန်ရှိသူတွေအနေနဲ့ အဆိုပါမူးယစ်ဆေးတွေ ဖမ်းဆီးရမိဖို့ ကြိုးစားနေတဲ့အပြင်  မူးယစ်ဆေးထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းပစ္စည်း သယ်ဆောင်မှုတွေလည်း တားဆီးပိတ်ပင်နေပြီး တဖက်နိုင်ငံမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ မူးယစ်မှု ဝရမ်းပြေးတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့လည်း အိမ်နီးချင်းနိုင်ငံက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Source: Thai PBS 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013