ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့မှာ ဖမ်းဆီးရရှိထားတဲ့ မူးယစ်ဆေးဝါးတွေကို အခမ်းအနားနဲ့ ဖျက်ဆီးခဲ့ကြတယ်လို့ ဟွာငိုးလ်ဒေသ အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဖျက်ဆီးခဲ့တာဖြစ်ပြီး ရိခေါဒါရ်မြို့မှာ အခုနှစ် မေလကနေ ဇူလိုင်လအထိ ဟွာငိုလ်းဒေသရဲတပ်ဖွဲ့ကနေ စိတ်ကြွဆေး ၅၅,၂၀၀ လုံး၊ ဘိန်းဖြူဆပ်ပြာဘူး ၂၉၁ ဘူးနဲ့ ဆေးခြောက် ၅၀၀ ဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားကို Hualngoram Peoples Organization(HPO)/CDF-Hualngoram ခေါင်းဆောင်တွေ၊ ဒေသလုံးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဒေသတွင်းနဲ့ မီဇိုရမ်ပြည်နယ်က သတင်းသမားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဟွာလ်ငိုးဒေသ အုပ်ချုပ်ရေးမှူးက “ဒီထက်ပိုပြီး ထိထိရောက်ရောက်လုပ်ဖို့ ဆောင်ရွက်နေတယ်။ လက်ရှိမှာလည်း မူးယစ်ဆေးတရားခံ ၁၀ ကျော် ထိန်းသိမ်းထားတယ်။ လူမျိုးရန်သူလို့ ကျနော်တို့ဘက်က သတ်မှတ်ပြီး ကျနော်တို့ ချင်းလူငယ်တွေကို ဖျက်ဆီးနေတဲ့ ဒီမူးယစ်ဆေးနဲ့ လုပ်ဆောင်နေသူများအားလုံးကို ညှာတာခြင်း လုံးဝမရှိဘဲ စီမံချက်တွေဆွဲပြီး ကိုင်တွယ်နေတယ်” လို့ ပြောပါတယ်။
ရိခေါဒါရ်မြို့မှာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ မူးယစ်ဆေးရောင်းဝယ်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးပြီး အကျဉ်းချထားတယ်လို့ သိရပါတယ်။