Home
နိုင်ငံတကာ
မက္ကဆီကို ထိပ်သီး မူးယစ်ရာဇာ ၂ ဦးကို တက္ကဆက်တွင် ဖမ်းမိ
DVB
·
July 26, 2024
Photo-PROCURADARIA GENERAL DE LA REPUBLICA / REUTERS / SOCIAL MEDIA WEBSITE

မက္ကဆီကန် မူးယစ်ဆေးဝါးဘုရင် အစ္စမဲလ် အယ်လ် မာယို ဇမ်ဘာဒါနဲ့ သူ့ရဲ့မိတ်ဆွေဟောင်း “ဟွာကင်းန် အယ်လ်ချာပို ဂုဇ်မန်း” ရဲ့ သားဖြစ်သူ ဟွာကင်းန် ဂုဇ်မန်း လိုပက်ဇ် တို့ကို တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့မှာ ဇူလိုင် ၂၅ ရက်က ဖမ်းဆီးခဲ့ကြောင်း အမေရိကန် တရားရေးဌာနက ပြောကြားခဲ့ပါတယ်။

ဇမ်ဘာဒါနဲ့ ဟွာကင်းန် ဂုဇ်မန်း လိုပက်ဇ် တို့ဟာ လူသေဆုံးနိုင်တဲ့ ဖန်တနဲလ် ထုတ်လုပ်မှုနဲ့ မှောင်ခိုအရောင်းအဝယ် ကွန်ရက်တွေ အပါအဝင် ဂိုဏ်းရဲ့ ရာဇဝတ်မှုဆိုင်ရာ စစ်ဆင်ရေးတွေကို ဦးဆောင်မှုအတွက် အမေရိကန်မှာ စွဲချက်အများအပြားကို ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂုဇ်မန်း လိုပက်ဇ်ကို ဖမ်းဆီးထားကြောင်း သတင်းအစီရင်ခံမှုကို တရားရေးဌာနရဲ့ ထုတ်ပြန်ချက် မတိုင်ခင်မှာ ရိုက်တာက ပထမဆုံး ထုတ်ပြန်ခဲ့တာပါ။

ဇမ်ဘာဒါနဲ့ ဂုဇ်မန်း လိုပက်ဇ် တို့ကို သီးသန့်လေယာဉ်ပေါ်က ဆင်းသက်ပြီးနောက်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း အမေရိကန်အရာရှိ ၂ ဦးက ရိုက်တာကို ပြောကြားခဲ့ပါတယ်။

ဇမ်ဘာဒါဟာ မက္ကဆီကိုသမိုင်းမှာ အထင်ရှားဆုံး မူးယစ်မှောင်ခို ကုန်ကူးသူတွေထဲက တဦးဖြစ်ပြီး မူးယစ်ဘုရင်ဟောင်း အယ်လ်ချာပိုနဲ့ ဆီနာလိုအာဂိုဏ်းကို ပူးတွဲ တည်ထောင်ခဲ့ပါတယ်။

အယ်လ်ချာပိုကို ဖမ်းဆီးမိခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှာ အမေရိကန်ကို လွှဲပြောင်းပေးခဲ့ပြီး လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်မှာ ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ် ကျခံနေရပါတယ်။

အယ်လ်ချာပိုကို လွှဲပြောင်းပေးပြီးနောက်မှာ သူ့ရဲ့ ရာဇဝတ်အင်ပါယာကို ချာပိုစ်လေးတွေလို့ သိကြတဲ့ သူ့သား ၄ ယောက်က အမွေဆက်ခံခဲ့ပြီး သူ့ရဲ့ဂိုဏ်းခွဲကို လွှဲယူခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်ကို ဖန်တနဲလ် အများဆုံးတင်ပို့သူတွေထဲက တချို့ ဖြစ်လာခဲ့ပါတယ်။

ဖေဖော်ဝါရီလမှာ အမေရိကန်ပြည်ထောင်စု အစိုးရရှေ့နေတွေဟာ ဇမ်ဘာဒါကို ဖန်တနဲလ် ထုတ်လုပ်ဖြန့်ဖြူးဖို့ ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

ဖန်တနဲလ်ဟာ အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား အမေရိကန်တွေ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့က ပြောပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013