မက္ကဆီကိုအလယ်ပိုင်းရှိ ဟိုဆေး ကွယ်ရေးဗို တက်ကီလာစက်ရုံမှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ရာ ကုမ္ပဏီက လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး နိုင်ငံခြားသား ခရီးသည်တွေကိုလည်း တက်ကီလာ မွေးဖွားရာ နယ်မြေကနေ ဘေးလွတ်ရာကို အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဇူလိုင် ၂၄ ရက်မှာ ပြောပါတယ်။
စက်ရုံရှိ လီတာ ၅ သိန်းဆံ့ သိုလှောင်ကန်အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကုမ္ပဏီဝန်ထမ်းတွေက မီးလောင်မှုကို ငြှိမ်းသတ်ခဲ့ကြကြောင်း ဟယ်လစ်စ်ကိုပြည်နယ်ရှိ အရေးပေါ်ဝန်ဆောင်မှုနဲ့ မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဗစ်တာဟူးဂိုး ရိုလ်ဒန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားအပြီး နောက်ဆက်တွဲရလဒ်ကို ဒရုန်းနဲ့ ရိုက်ကူးပြသရာမှာ ကွယ်ရေးဗို လိုဂိုတံဆိပ်ပါတဲ့ သတ္တုတိုင်ကီကြီးဟာ ဘေးဘက်မှာ ပြိုကျနေတာကို တွေ့ရပါတယ်။
ကမ္ဘာ့အကြီးဆုံး တက်ကီလာ ထုတ်လုပ်သူ ဘက်ကဲလ်ကုမ္ပဏီက လည်ပတ်တဲ့ စက်ရုံမှာ တခြားသိုလှောင်ကန် ၂ ခုထက်မနည်းလည်း ပြိုကျခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုနဲ့ မီးသတ်တပ်ဖွဲ့ အကြီးအကဲ ရိုလ်ဒန်က ပြောပါတယ်။
ကြေညာချက်တခုထဲမှာ ကုမ္ပဏီဟာ သူ့ရဲ့ ရိုဟေညာစက်ရုံမှာ မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်ကို အတည်ပြုခဲ့ပြီး တခြားအလုပ်သမား အများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
သိုလှောင်ကန်တခုအတွင်း ပေါက်ကွဲမှုဟာ နောက်ထပ် သိုလှောင်ကန် ၃ ခုကို မီးလောင်သွားစေခဲ့ကြောင်း ဇူလိုင် ၂၃ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်တဲ့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
Source-Reuters