အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်းမှာ မြေပြိုမှု ၂ ခုကြောင့် သေဆုံးသူဦးရေဟာ ၂၂၉ ဦးအထိ မြင့်တက်လာခဲ့ပြီး အသက်ရှင် ကျန်ရစ်သူတွေနဲ့ အသေအပျောက်တွေကို ရှာဖွေနေတာဟာ ၂ ရက်မြောက်နေ့ ဖြစ်လာတာကြောင့် နောက်ထပ် သေဆုံးသူအရေအတွက် များလာဦးမယ်လို့ အစိုးရတာဝန်ရှိသူတဦးက ဇူလိုင် ၂၃ ရက်မှာ ပြောပါတယ်။
အီသီယိုးပီးယားနိုင်ငံတောင်ပိုင်း ပြည်နယ်တွင်း ဂိုဖာဇုန်မှာ ဇူလိုင် ၂၁ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီးတော့ မြေပြိုမှုဖြစ်ပွားခဲ့တာကို ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာ တခြားသူတွေက ကူညီဖို့ စုဝေးနေကြတုန်းမှာ ဒုတိယအကြိမ် မြေပြိုမှု ကြုံလိုက်ရပြီး မြေကြီးထဲ နစ်မြုပ်ကုန်တာ ဖြစ်ပါတယ်။
ဒေသအုပ်ချုပ်ရေးအဖွဲ့က မျှဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ လူတွေဟာ ပေါက်တူးတွေ၊ လက်ဗလာတွေနဲ့ မြေကြီးထဲကနေ အလောင်းတွေကို တူးဖော် ထုတ်ယူနေကြတာပါ။
ဂိုဖာဇုန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအကြီးအကဲ မားကို့စ်မဲလိစ်က “သေဆုံးသူအရေအတွက်က အများကြီး တိုးလာနေပြီး အခုချိန်အထိ အလောင်း ၁၅၇ လောင်း ရှာဖွေတွေ့ရှိထားကြောင်းနဲ့ ပထမမြေပြိုမှု ဖြစ်တဲ့နေရာကို အမြန်သွားရောက် ကယ်ဆယ်ကူညီဖို့သွားကြတဲ့ လူတွေဟာ ဒုတိယမြေပြိုလှိုင်းကို ကြုံလိုက်ရတာကြောင့် ဘေးသင့်သွားသူ အရေအတွက်က အများကြီးပိုများနိုင်တယ်” လို့ ပြောပါတယ်။ အချက်အလက်တွေ စိစစ်ပြီးရင် အများသိအောင် အပ်ဒိတ် လုပ်ပေးမယ်လို့လည်း ဆိုပါတယ်။ ပျက်စီးဆုံးရှုံးမှုက ကြီးမားပြီး စွမ်းဆောင်နိုင်စွမ်းထက် ကျော်လွန်နေကာ အဲဒီဧရိယာဟာ ခုတော့ လူတွေ နေလို့မရတော့ဘူးလို့လည်း ပြောပါတယ်။
အဲဒီနယ်မြေမှာ အသက်မွေးဝမ်းကြောင်းတွေ ကပြောင်းကပြန် ဖြစ်သွားတဲ့လူတွေ အများအပြားရှိနေပြီး အဲဒီလူတွေကို ပြောင်းရွှေ့နေရာချပေးဖို့လည်း လုပ်ဖို့လိုတာကြောင့် သက်ဆိုင်သူအားလုံး၊ အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ စီးပွားရေး အသိုက်အဝန်းတွေ အားလုံးအနေနဲ့ သူတို့အသိုင်းအဝိုင်းကို ရပ်တည်ကူညီပေးကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။
အီသီယိုးပီးယားဝန်ကြီးချုပ် အဘီးအာမဒ်က ဆိုးဆိုးရွားရွား အသက်ဆုံးရှုံးရတဲ့အတွက် အလွန်ဝမ်းနည်းမိကြောင်းနဲ့ သဘာဝဘေးအန္တရာယ်ရဲ့ သက်ရောက်မှုကို လျှော့ချဖို့အတွက် ဗဟိုအစိုးရ အရာရှိတွေကို စေလွှတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
Source-Reuters