အီသီယိုးပီးယားနိုင်ငံတောင်ပိုင်း ဂိုဖာခရိုင်မှာ မြေပြိုမှု ၂ ခု ဖြစ်ပွားပြီးနောက် ဇူလိုင် ၂၂ ရက်မှာ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့တွေထဲကနေ အလောင်းပေါင်း ၅၀ ထက်မနည်းကို ဆွဲထုတ်ခဲ့ရပြီး နောက်ထပ်လည်း ရွှံ့တွေထဲမှာ ဆက်လက်ရှာဖွေနေကြပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်နေတယ်လို့ ဂိုဖာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး မက်စ်ကီယာ မစ်ထ်ကူက ပြောကြားခဲ့ကြောင်း အီသီယိုးပီးယား အသံလွှင့်ကော်ပိုရေးရှင်း (EBC) က ကြေညာသွားပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့နဲ့ သေဆုံးသူတွေကို အလောင်းပြန်ရရှိအောင် ပစ္စည်းကိရိယာတွေနဲ့ရော လက်ဗလာနဲ့ပါ ရွှံ့တွေကို တူးဖော်နေကြပြီး ဝမ်းနည်းပူဆွေးနေတဲ့ လူတွေလည်း ရှာဖွေရေးနေရာတွေမှာ စုရုံးနေကြတဲ့ ဗီဒီယိုကို မြင်တွေ့ရပါတယ်။
EBC ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ဝေမျှထားတဲ့ ဓာတ်ပုံတွေထဲမှာ တောင်စောင်းမှာ လူအများအပြားက ရွှံ့ထဲမြှုပ်နေသူတွေကို ရှာဖွေနေတာကို ပြသထားပါတယ်။
အရေးပေါ်တုံ့ပြန်ရေးသမားတွေလည်း မြေပြိုမှုမှာ လမ်းပိတ်ဆို့ခံရပြီးနောက် သေဆုံးမှုတွေ ထပ်များလာနိုင်တယ်လို့ အီသီယိုးပီးယား အရာရှိတဦးက ပြောပါတယ်။
Source-Reuters