ကချင်ပြည်နယ် မြစ်ကြီးနား–ပူတာအို ကားလမ်း ပျက်စီးနေတဲ့အတွက် ကုန်တင်ကားအစီး ၈၀ ကျော် ပိတ်မိနေကြောင်း ယာဉ်မောင်းတွေထံက သိရပါတယ်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မြေပြိုတာ၊ တောင်နံရံတွေပြိုကျတာ၊ မြေကြီးတွေ အက်ကွဲတာတွေကြောင့် ကုန်တင်ကားတွေ သွားလာမရဘဲ ပိတ်မိနေတာပါ။
မြစ်ကြီးနား-ပူတာအို ယာဉ်မောင်းတဦးက “မိုးက တပတ်လောက်ကြာအောင်ကို သည်းသည်းမည်းမည်း ရွာလိုက်တာ။ မြေသားတွေ ရေနဲ့အိပြီး တောင်နံရံတွေ ပြိုကျတယ်။ မြေသားတွေ အက်ကွဲတယ်။ ကား ဘယ်သွားလို့ရတော့မလဲ။ သိရသလောက်ကတော့ အဲဒီလမ်းပျက်တဲ့နေရာတွေမှာ ကုန်တင်ကား အစီး ၈၀ ကျော်လောက် ပိတ်မိသွားတယ်။ ရှေ့လည်းတိုးမရ၊ နောက်လည်း ဆုတ်မရ အခြေအနေပေါ့” လို့ ပြောပါတယ်။
မြစ်ကြီးနား-ပူတာအို လမ်းရှိ မြစ်ကြီးနားမြို့နယ်အတွင်းက တယန်ဇွပ်ကျေးရွာ ကတ္တရာလမ်းပိုင်းနဲ့ ဆွမ်ပရာဘွမ်မြို့နယ်ရှိ လမ်းကြောတလျှောက် မြေသားပြိုတာ၊ တောင်နံရံပြိုတာ၊ မြေသားအက်ကွဲတာတွေ ဖြစ်ပေါ်ပြီး ကုန်တင်ယာဉ်တွေ ပိတ်မိနေကြတာပါ။
မြစ်ကြီးနားမြို့နယ် တယန်ဇွပ်ကျေးရွာ အနီးဝန်းကျင်ရှိ လမ်းပျက်စီးတဲ့နေရာတွေကို နှစ်ဖက်ညှိနှိုင်းမှုတွေပြုလုပ်ကာ စစ်ကောင်စီဘက်က ပြင်ဆင်ပေးနေပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) သိမ်းဆည်းထားတဲ့ ဆွမ်ပရာဘွမ်မြို့နယ်ထဲက လမ်းပိုင်းတွေကိုတော့ KIA က ပြင်ဆင်ပေးနေကြောင်း သိရပါတယ်။
မြစ်ကြီးနား-ပူတာအို ကားလမ်းကို ပြီးခဲ့တဲ့ မတ် ၉ ရက်က စတင်ကာ ၃ လအကြာ ပိတ်ပင်ထားခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းတွေ ညှိနှိုင်းမှုပြုလုပ်ပြီးနောက် ဇွန် ၈ ရက်မှာ စားသောက်ကုန်ပါ မော်တော်ယာဉ် ၁၄ စီး ပူတာအိုကို စတင်ထွက်ခွာခွင့် ပြုခဲ့ပါတယ်။