နီပေါနိုင်ငံမှာ မြေပြိုမှုတွေကြောင့် ဇူလိုင် ၁၂ ရက်က ဘတ်စ်ကား ၂ စီး မြစ်ထဲကိုထိုးကျ နစ်မြုပ်သွားပြီးနောက် ကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေသူ အနည်းဆုံး ၆၅ ဦးကို ရှာဖွေခဲ့ကြပါတယ်။
တောင်ထူထပ်တဲ့နိုင်ငံရဲ့ တခြားနေရာတွေမှာလည်း မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ရှာဖွေမှုလုပ်ဆောင်ဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အများအပြားကို နီပေါအာဏာပိုင်တွေက တာဝန် ချထားပေး ပါတယ်။
လမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့နေတာကြောင့် မြေပြိုတဲ့နေရာမှ အပျက်အစီးတွေကို ဖယ်ရှားဖို့ မြေထိုး မြေကော်စက်တွေကိုလည်း ဖြန့်ကျက်ချထားခဲ့ပါတယ်။
သောကြာနေ့က နီပေါရဲတပ်ဖွဲရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ဟာ ရေစီးသန်နေတဲ့ မြစ်ထဲမှာ အသက်ကယ်လှေကို လှော်ခတ်ရင်း ပျောက်ဆုံးနေတဲ့ ခရီးသည်တွေကို ရှာဖွေနေတာကို မြင်တွေ့ရပါတယ်။
ကျောက်တုံးတွေ၊ ရွှံ့တွေ အမြောက်အမြားရှိနေတဲ့ တောင်စောင်းကနေ ထိုးမကျခင်မှာ အနည်းဆုံး ခရီးသည် ၃ ဦးက ဘတ်စ်ကားဆီကနေ ခုန်ချခဲ့တာကြောင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီးတော့ အသက်ရှင်ခဲ့တယ်လို့ ခရိုင်အရာရှိ တဦးက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
နီပေါနိုင်ငံမှာ ဇွန်လလယ်ကတည်းက မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၉၁ ဦး သေဆုံးခဲ့ပါတယ်။
သောကြာနေ့က ဆိုရှယ်မီဒီယာတခုမှာ ၀န်ကြီးချုပ် ပွတ်ရှ်ပါး ကာမဲလ် ဒါဟဲလ်ဟာ သဘာဝဘေး အန္တရာယ်အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်ကြဖို့ အစိုးရဌာနတွေကို ညွှန်ကြားခဲ့ပါတယ်။
Source-Reuters