Home
နိုင်ငံတကာ
ချင်းမိုင်တွင် မူးယစ်ဆေးရောင်းသမားက  ရဲကိုပစ်ခတ်၊ ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရ 
DVB
·
July 12, 2024
Photo Crd-Daily News

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်ထဲမှာ ဇူလိုင် ၁၁ ရက်ညက မူးယစ်တရားခံကို သွားရောက်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေနတ်ပစ်ခံရပြီး တဦးသေဆုံး တဦး ဒဏ်ရာ ရသွားတယ်လို့  Daily News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ချင်းဒေါင်းမြို့နယ် မိုင်းနအုပ်စု ဘန့်ကျေ့ကျန်းရွာမှာ နေထိုင်သူ လားဟူအမျိုးသား နိုင်းကျိုင်း ကျကာ (၃၇ နှစ်) ဆိုသူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုရှိကြောင်း သတင်းရတဲ့အတွက် နားဝိုင်နယ်မြေရဲစခန်း တာဝန်ရှိရဲတပ်ဖွဲ့ဝင် ၂ ဦးက ဝယ်သူအယောင်ပြပြီး သွားရောက် ဖမ်းဆီးခဲ့ပါတယ်။ 

ဒီမတိုင်ခင် နိုင်းကျိုင်းနဲ့ ပတ်သက်သူအမျိုးသမီး ၁ ဦးထံမှ  စိတ်ကြွဆေးနဲ့ ဘိန်းဖြူ ၃၉၀၀ ဘတ်ဖိုး ဝယ်ယူခဲ့တယ်၊ အဆိုပါမူးယစ်ဆေးတွေဟာ နိုင်းကျိုင်း ကျကာထံမှ ယူလာခဲ့တယ်လို့ ဆိုတာကြောင့် ရဲဝန်ထမ်းဟာ ယမန်နေ့ ည ၉ နာရီခွဲလောက်က နိုင်းကျိုင်းရဲ့အိမ်ကို သွားရောက် စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ 

ဒါပေမဲ့ နိုင်းကျိုင်းက သူတို့ဟာ ရဲတွေဆိုတာသိသွားပြီး သေနတ်နဲ့ပစ်ပြီး ထွက်ပြေး လွတ်မြောက်သွားတယ်။ သူ့ရဲ့ပစ်ခတ်မှုကြောင့်  တပ်ကြပ်ကြီး ဆရီကွန်း ဆင်ခမ်း နဲ့ ရဲတပ်ကြပ် အဝိရဖွန်း ဝမ်းဆိုင်တို့ ၂ ဦး ဒဏ်ရာရသွားပါတယ်။ 

အခင်းဖြစ်ပွားတဲ့ရွာဟာ တောင်ပေါ်မှာဖြစ်ပြီး ချင်းဒေါင်းဆေးရုံရောက်ဖို့ ကားနဲ့ ၄၅ မိနစ်ခန့် မောင်းရကြောင်း၊ လည်ပင်းမှာထိမှန်ဒဏ်ရာရတဲ့ တပ်ကြပ်ကြီး ဆရီကွန်းကတော့ ဆေးရုံပို့ ဆောင်စဉ် လမ်းခုလပ်မှာ ဆုံးပါးသွားတယ်လို့ ဆိုပါတယ်  

တာဝန်ရှိသူတွေက တရားခံနိုင်းကျိုင်းကျကာကို အပူတပြင်းလိုက်လံရှာဖွေနေပြီး တိုင်းပြည်တာ ဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားတဲ့ တပ်ကြပ်ကြီးရဲ့ နာရေးကို ထိုင်းရဲချုပ်ကိုယ်တိုင် လာရောက်ဂုဏ်ပြုမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

 Source: Daily News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013