Home
နိုင်ငံတကာ
ကမ္ဘာ့ဘောလုံးအင်္ကျီစုဆောင်းမှု အများဆုံးအဖြစ် ဘရာဇီးအမျိုးသား ဂင်းနစ်မှတ်တမ်းဝင်
DVB
·
July 12, 2024
Photo -REUTERS

ဘရာဇီးလူမျိုး ကတ်စီယိုဘရန်ဒါအိုဟာ ကမ္ဘာပေါ်မှာ ဘောလုံးအင်္ကျီစုဆောင်းထားမှု အများဆုံးလူအဖြစ် ပြီးခဲ့တဲ့ဧပြီလက ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

သူစုဆောင်းထားတဲ့ ဂျာစီတွေထဲမှာ ဂန္ထဝင်ဘောလုံးသမား ပီလီရဲ့အင်္ကျီ အပါအဝင် ၁၉၉၈ ခုနှစ်က ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒို လက်မှတ်ထိုးထားတဲ့အင်္ကျီလည်း ပါဝင်ပါတယ်။

ဘောလုံးအင်္ကျီစုဆောင်းသူ ဘရန်ဒါအိုက “ကျနော်က ဘရန်ဒါအိုပါ။ အလမ်ဘရာဒို ဘောလုံးနဲ့ ယဉ်ကျေးမှုအသင်းကို တည်ထောင်သူတဦးပါ” လို့ သူ့ကိုသူ မိတ်ဆက်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ ဘရန်ဒါအိုဟာ Google ရဲ့ ဝန်ထမ်းတဦးဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ကတည်း စတင်စုဆောင်းခဲ့ကာ လက်ရှိအချိန်မှာ ဘောလုံးအင်္ကျီပေါင်း ၆,၁၀၁ ထည်ရှိပြီ ဖြစ်ပါတယ်။

ဘောလုံးအင်္ကျီက ၆,၁၀၁ ထည်ဆိုတော့ ဘောလုံးသမိုင်းကို ပြောနိုင်တဲ့ ဇာတ်လမ်းပေါင်း ၆,၁၀၁ ပုဒ်ရှိတယ်လို့ ဘရန်ဒါအိုက ပြောပါတယ်။

“ဂင်းနစ်မှတ်တမ်းမှာလည်း ကမ္ဘာ့အကြီးကျယ်ဆုံး ဘောလုံးအင်္ကျီစုဆောင်းသူအဖြစ် ကျနော် စာရင်းဝင်တာ မကြာသေးပါဘူး။ ကျနော့်မှာ အင်္ကျီပေါင်း ၆,၀၀၀ ကျော်ရှိပါတယ်။ အဲဒီအင်္ကျီတွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေလည်း ၆,၀၀၀ ကျော်ရှိတာပေါ့။”

‌ဘရန်ဒါအိုဟာ ဆော်အိုပေါ်လိုမြို့မှာ ဘောလုံးအင်္ကျီစုဆောင်းတဲ့အသင်း ထူထောင်ထားပြီး အဲဒီရုံးခန်းမှာ ဘောလုံးအင်္ကျီတွေကို ထားရှိတာဖြစ်ပါတယ်။

၁၉၆၈ ခုနှစ်က ဘောလုံးဘုရင်လို့ တင်စားခဲ့ရတဲ့ ဘရာဇီး ဂန္ထဝင်ကစားသမား ပီလီ ဗြိတိန်ဘုရင်မကြီးကို တွေ့တုန်းက ဝတ်ဆင်ခဲ့တဲ့ အင်္ကျီလိုမျိုး ရှားပါးတဲ့ ဘောလုံးအင်္ကျီတွေလည်း ဘရန်ဒါအိုရဲ့ စုဆောင်းမှုထဲမှာ ပါပါတယ်။

အဲဒီတုန်းက ဘရာဇီးအလည်အပတ်ခရီးစဉ်မှာ ဘုရင်မကြီးဟာ ရီယိုဒီဂျနေရိုးကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဂုဏ်ပြုပြိုင်ပွဲကို တက်ရောက်ခဲ့ပြီး အဲဒီပွဲမှာ ပီလီက ဝတ်ဆင်ခဲ့တာပါ။

“ဒီအသင်းကနေ ကျနော်တို့ ဘောလုံးအင်္ကျီ စုဆောင်းသူ ၆၀ ကျော် ရှိပါတယ်။ ဒီလူတွေက ကျနော့်လိုပဲ ဘောလုံးအင်္ကျီစုဆောင်းရတာ ဝါသနာပါတဲ့သူတွေပါ။”

ဘရန်ဒါအိုရဲ့ ရုံးခန်းမှာ ပီလီရဲ့ အင်္ကျီတွေနဲ့ အလှဆင်ထားပြီး ပီလီရဲ့ရုပ်ပုံတွေကိုလည်း ချိတ်ဆွဲထားတာ တွေ့ရပါတယ်။

ဘရန်ဒါအိုပြသထားတဲ့ ပုံတွေထဲမှာ ဖော်မြူလာဝမ်း ၇ ကြိမ် ချန်ပီယံ ဟာမီလ်တန် ပြီးခဲ့တဲ့နှစ်က ဆော်အိုပေါ်လို ဂရင်းပရီကို ရောက်တုန်း ၁၉၉၄ ခုနှစ်က ဘရာဇီးဂျက်ကက် ဝတ်ထားတဲ့ပုံလည်း ပါဝင်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013