အယ်လ်ဘေးနီးယားနိုင်ငံမှာ ဇူလိုင် ၁၁ ရက်နှောင်းပိုင်းက အတိုက်အခံဆန္ဒပြသူတွေဟာ အစိုးရ အဆောက်အအုံနဲ့ တီရာနာမြို့တော်ဝန်ရုံးတို့ကို ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ကျန်းမာရေး၊ ပညာရေးနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် လူတွေက တိုင်းပြည်ကို စွန့်ခွာသွားကြလို့ အစိုးရကို ဖြုတ်ချဖို့ ဆန္ဒပြရတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒီနှစ်တွေမှာ အစိုးရကြောင့် ဒုက္ခတွေပဲ ခံစားကြရပြီး အစိုးရဆီက ဘာမှကောင်းတာတွေ ဖြစ်မလာဘူးလို့လည်း ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် ဆာလီဘဲရစ်ရှာကို နေအိမ်အကျယ်ချုပ်ချထားပြီးနောက်မှာ အကွက်ချ ကျူးလွန်တဲ့ အုပ်စုဖွဲ့ရာဇဝတ်မှုနဲ့ အကျင့်ပျက်ခြစားမှုမှာ အစိုးရအရာရှိတွေ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခဲ့ ကြပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေး ရဲအရာရှိတွေက ဝန်ကြီးချုပ်အယ်ဒီရာမာရဲ့ ရုံးခန်းကို ပိတ်ဆို့ ထားတာကြောင့် လူထောင်ပေါင်းများစွာဟာ မြို့တော် တီရာနာရှိ အစိုးရရုံးချုပ်ရှေ့မှာ စုဝေးခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ တီရာနာမြို့တော်ဝန်ရုံး အပြင်ဘက်ကို နေရာရွှေ့ခဲ့ပြီးတော့ ဓာတ်ဆီဗုံးတွေကို ပစ်ပေါက်ကာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က ဝင်ရောက်စွက်ဖက်ခြင်း မရှိပေမဲ့ ဓာတ်ဆီဗုံးမှ မီးတွေကို ချက်ချင်း ငြိမ်းသတ် ခဲ့ပါတယ်။
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ဆာလီဘဲရစ်ရှာက ဆန္ဒပြသူတွေကို ဗီဒီယိုလင့်ခ်မှတဆင့် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
သူဟာ ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်အတွင်း အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးခံနေရတာပါ။
ဘဲရစ်ရှာက အမှားအယွင်း မလုပ်ထားကြောင်း ငြင်းဆိုထားပြီး ဒါဟာ ဝန်ကြီးချုပ် ရာမာက အတိုက်အခံတွေကို အသံတိတ်အောင် နှုတ်ပိတ်ဖို့ နိုင်ငံရေး အငြှိုးအတေးထား ကြံစည် လုပ်ဆောင်တာလို့ စွပ်စွဲခဲ့ပါတယ်။ ဒါကို ဝန်ကြီးချုပ် ရာမာက ငြင်းပါတယ်။
အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီကတော့ ဝန်ကြီးချုပ်ရာမာရဲ့ အကျင့်ပျက်ခြစားမှုနဲ့ လူမျိုးရေးဝါဒတွေကြောင့် ပိုမိုကောင်းမွန်တဲ့ဘဝ ရရှိအောင် လူငယ်အများအပြားကို အနောက် ဥရောပကို ရွှေ့ပြောင်းထွက်ခွာသွားကြဖို့ ဖန်တီးနေတာ လို့ စွပ်စွဲထားပါတယ်။
Source-Reuters