ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်ထဲမှာ ကား ၃ စီးပေါ်ကနေ စိတ်ကြွဆေး ၃၂ သိန်း ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေခံမူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့၊ နယ်ခြားစောင့်တပ် နဲ့ ဖကျောက်တာ့ခ် စစ်ကြောင်းမှ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၁၁ ရက် မနက် ၆ နာရီလောက်က ချင်းရိုင်းမြို့နယ် မယ့်ကွဏ်းအုပ်စု ဒဲန်နာ့ နဲ့ ဒုံမာ့တာရွာကြားရှိ လမ်းမပါ်မှာ စောင့်ကြပ်စစ်ဆေးစဉ် မသင်္ကာဘွယ်ရာ ဟိုင်းလပ်စ်ကား ၃ စီး မြန်မာနယ်စပ် မယ်ဖှာ့လုံ မြို့နယ်ဘက်ကနေ ဝင်ရောက်လာပါတယ်။
တာဝန်ရှိသူတွေက စစ်ဆေးဖို့တားဆီးရာမှာ အဆိုပါကားထဲမှ သေနတ်နဲ့ စတင်ပစ်ခတ်တဲ့အတွက် နှစ်ဘက် အချိန် ၁၀ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
သေနတ်သံတွေငြိမ်သက်သွားလို့ အဆိုပါနေရာကို သွားရောက်စစ်ဆေးရာမှာ ကားသမားတွေက ထွက်ပြေးလွတ်မြောက်သွားပြီး ကားပေါ်မှာတော့ အိတ်ပေါင်း ၁၆ အိတ်တင်ဆောင်လာကြောင်း၊ အိတ်ကိုဖွင့်ကြည့်ရာမှာ 1111 နဲ့ ကြယ်ငါးလုံးတံဆိပ်ပါ စိတ်ကြွဆေးပြားတွေတွေ့ရပြီး တအိတ်လျှင် စိတ်ကြွဆေး ၂ သိန်း ပါရှိတာကြောင့် စိတ်ကြွဆေးစုစုပေါင်း ၃၂ သိန်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဒီအမှုနဲ့ ဆက်စပ်ပြီး တာဝန်ရှိသူတွေက ဝိန်းပါပေါက်မြို့နယ် ဝိန်းရပ်ကွက်ရှိ နေအိမ်တလုံးကို သွားရောက်စစ်ဆေးခဲ့ရာ မသင်္ကာစရာ ပစ္စည်းတွေတော့ မတွေ့ကြောင်း၊ ရဲတပ်ဖွဲ့က အလိုရှိနေသူကတော့ ထွက်ပြေးလွတ်မြောက်နေတာကြောင့် သူ့ရဲ့ ကားသော့ နဲ့ ဖုန်းဆင်းမ်းကတ် ၂ ခုကို သိမ်းဆည်းထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သတင်းမှာဖော်ပြသွားပါတယ်။
Source: - MAESAI PRESS