မုတ်သုံမိုး သည်းသည်းထန်ထန် ရွာသွန်းခဲ့လို့ နီပေါနိုင်ငံမှာ ဇွန်လလယ်ကစပြီး လူ ၉၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ရေကြီး မြေပြိုတာတွေ ဖြစ်ခဲ့ပါတယ်။
နီပေါမှာ ဇူလိုင် ၁၂ ရက်က မြေပြိုလို့ ရေလျှံနေတဲ့မြစ်ထဲ ဘတ်စ်ကား ၂ စီး မျောပါသွားပြီးတဲ့နောက် အသက်ရှင် ကျန်ရစ်သူတွေကို ဆက်ရှာနေပါတယ်။
ရှာဖွေကယ်ဆယ်ရေးအတွက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်အများအပြားကို နီပေါအာဏာပိုင်တွေက စုစည်းထားတယ်လို့ ပြောပါတယ်။
ခရီးသည် ၆၂ ယောက် ထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး လမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့နေလို့ မြေပြိုတဲ့နေရာက အပျက်အစီးတွေကိုဖယ်ဖို့ မြေထိုးစက်တွေကို ဖြန့်ကြက် တာဝန်ချထားခဲ့ပါတယ်။
ဒါ့အပြင် တောင်စောင်းပေါ်ကနေ ကျောက်တုံးတွေ၊ ရွှံ့တွေ ပြိုကျမလာခင် ဘတ်စ်ကားပေါ်ကနေ ခုန်ချခဲ့ကြလို့ ခရီးသည် ၃ ယောက် ထက်မနည်း ဒဏ်ရာနည်းနည်းရခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဝန်ကြီးချုပ် ပွတ်ရှ်ပါ ခါမယ်လ် ဒါဟယ်က သဘာဝဘေးအန္တရာယ်အတွက် ဝမ်းနည်းကြောင်း ဆိုရှယ်မီဒီယာတခုပေါ်မှာ သောကြာနေ့က ဖော်ပြခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ဖို့ အစိုးရအေဂျင်စီတွေကို ညွှန်ကြားခဲ့ပါတယ်။
Source-Reuters