မက္ကဆီကိုနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်တဲ့ အနောက်ဘက် ဟာလစ်စ်ကို ပြည်နယ်မှာ ဆန်တီယာဂိုမြစ်တလျှောက် ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုကို မက္ကဆီကို အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေခဲ့ကြောင်း ဒေသမီဒီယာတွေက ဇူလိုင် ၁၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဒေသခံမီဒီယာတွေ အဆိုအရ အာဏာပိုင်တွေဟာ အစုလိုက်အပြုံလိုက် ငါးသေဆုံးမှုကို အကြောင်းရင်း ရှာဖွေဆုံးဖြတ်ဖို့ မြစ်ကနေ ငါးသေနမူနာတွေကို ထုတ်ယူခဲ့ကြပါတယ်။
ဟာလစ်စ်ကိုပြည်နယ်ရှိ ဆန်တီယာဂိုမြစ်ဟာ ကုန်ထုတ်လုပ်ငန်း၊ မော်တော်ကားလုပ်ငန်းနဲ့ အစားအစာစက်ရုံတို့က ဓာတုပစ္စည်းတွေကြောင့် အကြီးအကျယ် ညစ်ညမ်းခဲ့တာ ဖြစ်ပါတယ်။
တချိန်က ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ရာလည်းဖြစ်ပြီး မက္ကဆီကိုရဲ့ နိုင်အာဂရာ ရေတံခွန်အဖြစ် လူသိများတဲ့ သောက်ရေသန့်အတွက် အရင်းအမြစ်ဖြစ်တဲ့ ဟွမ်နာကက်တလန် ရေတံခွန်နဲ့ ဆန်တီယာဂိုမြစ်တို့ဟာ နှစ်တွေကြာလာတာနဲ့အမျှ အနံ့ဆိုးတွေ၊ အနယ်အမြှုပ်တွေနဲ့ ဖုံးလွှမ်းနေတာ ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဆော်ပေါ်လိုပြည်နယ်က ပီရာစီကာဘာမြို့မှာလည်း ထောင်နဲ့ချီတဲ့ငါးတွေ သေဆုံးခဲ့တာကို ဇူလိုင် ၁၆ ရက်က အာဏာပိုင်တွေ တွေ့ရှိခဲ့ပါတယ်။
ပီရာစီကာဘာမြစ်ထဲကို စီးဝင်တဲ့ တီရှူကို ပရက်တို စမ်းချောင်းထဲ စက်မှုစွန့်ပစ်ပစ္စည်းတွေကို အမှိုက်စွန့်ပစ်တာဟာ ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ငါးတွေသေဆုံးမှုကြောင့် ဒေသခံငါးဖမ်းသမားတွေဟာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပြီး မြစ်ရေ ပြန်လည်ကောင်းမွန်လာဖို့က အချိန်အကြာကြီး လိုအပ်မယ်လို့ ထင်မြင်ကြပါတယ်။
ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီမြစ်မှာ ငါးအသေတွေ ဖုံးလွှမ်းလာတာ ဒုတိယအကြိမ် ဖြစ်ပြီး ဇူလိုင် ၇ ရက်ကလည်း ဒီတနေရာတည်းမှာပဲ ငါးထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှု တခုခုကို ကျူးလွန်တယ်ဆိုရင် ဒဏ်ငွေက ရီယေ့စ် ငွေကြေး သန်း ၅၀ အထိ ပေးဆောင်ရနိုင်တယ်လို့ ပြည်တွင်းမီဒီယာ ဖှိုလ်ဟာ ဒီ ဆော်ပေါ်လို က ဆိုပါတယ်။
Source-Reuters