Home
နိုင်ငံတကာ
မူးယစ်ဆေးရောင်းဝယ်မှုဖြင့် အမေရိကန်နိုင်ငံသား ၁ ဦးကို ရုရှားက ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်
DVB
·
July 5, 2024
Photo-MOSCOW CITY COURT PRESS SERVICE / MOSCOW PROSECUTOR OFFICE

ရုရှားနိုင်ငံ၊ မော်စကိုမြို့ပြင်မှာ နေထိုင်သူ အမေရိကန်နိုင်ငံသား  အင်္ဂလိပ်စာဆရာ ရောဘတ် နိုမာနော့ဗ် ဝုဒ်လန်းကို မူးယစ်ဆေးဝါးရောင်းချဖို့ ကြိုးပမ်းမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ဇူလိုင် ၄ ရက်မှာ ရုရှားတရားရုံးက လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်လိုက်တယ်လို့ ဝုဒ်လန်းရဲ့ရှေ့နေနဲ့ မော်စကိုအစိုးရရှေ့နေတွေက ပြောပါတယ်။

ဇန်နဝါရီလ အစောပိုင်းက ရုရှားမှာ ထိန်းသိမ်းခံထားရတဲ့ ဝုဒ်လန်းဟာ သူ့အပြစ်ကို တစိတ်တပိုင်း ဝန်ခံခဲ့ကြောင်း ဝုဒ်လန်းရဲ့ရှေ့နေ စတာနီစလာ့ဗ် ရှက်ဗစ်စကီးက ရိုက်တာကို ပြောပါတယ်။

မော်စကိုမြို့ အစိုးရရှေ့နေများရုံးခန်းက ထုတ်ပြန်ချက်တခုထဲမှာ ဝုဒ်လန်းဟာ အကြီးစား ရာဇဝတ်ဂိုဏ်းတခုရဲ့ တစိတ်တပိုင်းအဖြစ် အမ်ဖက်တမင်း အမျိုးအစားတခုဖြစ်တဲ့ မက်ဖီဒရုန်း ၅၀ ဂရမ်လောက်ကို မော်စကိုမြို့ပြင်ရှိ ဆုံရပ်တခုကနေ သယ်ဆောင်လာပြီး နောက်ထပ်ရောင်းချမယ့် အထုပ်တွေ ခွဲထုပ်ထားတဲ့ မြို့အတွင်းရှိ တိုက်ခန်းတခုကို ယူဆောင်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။

အာဏာပိုင်တွေ ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ မှန်ခန်းထဲမှာ ဝုဒ်လန်းဟာ စိတ်လှုပ်ရှားမှု အနည်းငယ်လောက်နဲ့ စီရင်ချက်ဖတ်ကြားမှု နားထောင်နေတာကို မြင်တွေ့ရပါတယ်။

သူဟာ မူးယစ်ဆေးဝါးတွေကို လုံခြုံတဲ့နေရာမှာ သိမ်းဆည်းနေတုန်း ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း အစိုးရရှေ့နေတွေက ပြောကြားခဲ့ပါတယ်။

သူ့သူငယ်ချင်းတွေက ရော့ဘ် လို့ သိကြတဲ့ ဝုဒ်လန်းကို အမေရိကန်မိဘတွေက ၁၉၉၃ ခုနှစ်မှာ ရုရှားကနေ မွေးစားခဲ့တာဖြစ်ကြောင်း ၂၀၂၀ ခုနှစ်မှာ ရုရှားသတင်းစာတစ်စောင်ကို သူက ပြောပြခဲ့ဖူးပါတယ်။

ရုရှားနဲ့ အမေရိကန် ပတ်စပို့  ၂ ခုစလုံးပါရှိပုံရတဲ့ ဝုဒ်လန်းဟာ သူ့မိခင်အရင်းနဲ့တွေ့ဆုံဖို့ ရုရှားကို ပြန်လာခဲ့တာလို့ ဆိုပါတယ်။

သူတို့ရဲ့ မျက်ရည်ကျရတဲ့ မိသားစုပြန်ဆုံဆည်းမှုကို ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့ဖူးပါတယ်။

အသက် ၃၂ နှစ်ရှိ ဝုဒ်လန်းဟာ ဆယ်စုနှစ်အတွင်း အင်အားကြီး ၂ နိုင်ငံကြား ဆက်ဆံရေး အကြီးမားဆုံး ပြိုကွဲမှုအကြား ရုရှားမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်တွေ များပြားလာတဲ့ စာရင်းထဲက တယောက်ဖြစ်ပါတယ်။

ဝါရှင်တန်ဟာ ရုရှားလုံခြုံရေးတပ်ဖွဲ့တွေရဲ့ မတရားဖမ်းဆီးခြင်းနဲ့ နှောင့်ယှက်ခြင်း အန္တရာယ်ကို ကိုးကားပြီး အမေရိကန်နိုင်ငံသားအားလုံးကို ရုရှားနိုင်ငံကနေ ချက်ချင်းထွက်ခွာဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။

မော်စကိုမြို့ရှိ အမေရိကန်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်သေးပါဘူး။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013