စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင် ၃ ရက်နေ့မှာ နိုင်ငံခြားငွေဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်း ရောင်းချပေးခဲ့ပါတယ်။
Online Trading Platform မှာ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်တွေကတဆင့် နိုင်ငံခြားငွေ ဝယ်ယူလိုကြောင်း တင်ပြလာတဲ့ စားသုံးဆီ၊ ဓာတ်မြေဩဇာနဲ့ ဆေးနဲ့ ဆေးပစ္စည်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်း ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ဗဟိုဘဏ်က အခု ဇူလိုင်လအတွင်း ဒုတိယအကြိမ် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေကို ဒေါ်လာထုတ်ရောင်းချပေးတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကလည်း နိုင်ငံခြားငွေဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း စစ်ကောင်စီဗဟိုဘဏ်ဟာ အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ ထိုင်းဘတ်ငွေ သန်း ၄၀ ကို ၂ ကြိမ်ခွဲ ရောင်းချပေးခဲ့ပါတယ်။
ဒေါ်လာငွေလဲနှုန်း ကျဆင်းဖို့ စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီ၊ စားသုံးဆီ လုပ်ငန်းရှင်အပြင် ဓာတ်မြေသြဇာနဲ့ ဆေးနဲ့ ဆေးပစ္စည်း ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေကိုပါ အခုလို နိုင်ငံခြားငွေတွေ ထုတ်ရောင်းချပေးနေပေမဲ့ ပြင်ပဈေးကွက်ထဲမှာတော့ အမေရိကန်ဒေါ်လာဈေး တရိပ်ရိပ် မြင့်တက်နေပြီး ဒီနေ့ ဇူလိုင် ၅ ရက် မနက်ပိုင်းမှာ တဒေါ်လာကို ၄,၆ဝဝ ကျပ်ဝန်းကျင်ထိ မြင့်တက်နေပါတယ်။