ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာချောင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သား ၄ ဦးရဲ့ ရုပ်အလောင်းကို ဇူလှိုင် ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလှိုင် ၁ ရက်က စစ်ကောင်စီတပ်ဟာ ခေါင်းပြန်ရွာကနေတဆင့် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာတဝိုက်ကို စစ်ကြောင်းထိုးချိန် ခေါင်းပြန်ရွာသား ၈ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး အလောင်းတွေကို စွန့်ပစ်ခဲ့ကာ ရုပ်အလောင်းတွေကို ခေါင်ပြန်ရွာချောင်းမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ရွာမှာက ရေချောင်းလေးရှိတော့ ချောင်းထဲပေါ်လာတာ။ စစ်ကောင်စီက သတ်ပြီး ရေထဲပစ်ချခဲ့တာနေမယ်။ ရုပ်အလောင်းတွေက ရေစီးနဲ့ မျောလာပြီး တော်တော်ပုပ်ပွနေပြီ။”
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အရပ်သားတွေထဲမှာ ဦးကျော်စိန်၊ ဦးအောင်ဇော်ဝင်း၊ ဦးသား(ခ)ဦးလိုင်းယားနဲ့ ဦးနိုင်နိုင်တို့ပါဝင်ပြီး သတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်းတွေမှာ လက်ပြန်ကြိုးတုပ်ခံထားရတဲ့အပြင် ဓားနဲ့ထိုးသွင်းထားတဲ့ ဒဏ်ရာအများအပြားတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၈ ဦးထဲမှာ အရပ်သား ၄ဦး ရုပ်အလောင်းပြန်တွေ့ရပြီး ကျန်အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးကတော့ အဆက်အသွယ်ပြန်တောက်နေတယ်လို့ ဆိုပါတယ်။