Home
မြန်မာသတင်း
မဏိပူရ် အင်ဖာထောင်တွင် အစာငတ်ခံဆန္ဒပြမှု ယာယီရပ်ဆိုင်း
DVB
·
July 5, 2024

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာထောင်တွင်းက အစာငတ်ခံ ဆန္ဒပြသူတွေ ဆန္ဒပြမှုကို ဇူလိုင် ၃ ရက်မှာ ယာယီရပ်ဆိုင်းထားတယ်လို့ အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေး India For Myanmar အဖွဲ့ဆီက သိရပါတယ်။

လက်ရှိမှာ အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထောင်တာဝန်ရှိသူတွေက အိန္ဒိယ ဗဟိုအစိုးရဆီ တင်ပြနေချိန်မှာ ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပြီး ဗဟိုအစိုးရဘက်က ထူးခြားတဲ့ တုံ့ပြန်ချက် မရရှိရင်တော့ ဆန္ဒပြမှုကို ပြန်လည်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အင်ဖာထောင်တွင်းက အကျဉ်းသားတွေ ဇွန် ၁၆ ရက်ကစလို့ အစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး ဇွန် ၁၇ ရက် ညနေမှာ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Indian For Myanmar မှ ဆလိုင်းဒိုခါရ်က “သူတို့ တောင်းဆိုချက်ကို ပြည်နယ်အစိုးရကနေ တိုက်ရိုက် အကောင်အထည်ဖော်လို့ မရတော့ ထောင်တာဝန်ရှိသူတွေက သူတို့တောင်းဆိုချက်ကို ဗဟိုအစိုးရထံ တင်ပြပေးမှာပေါ့နော်၊ တင်ပြနေတဲ့ ကာလအတွင်းမှာ ယာယီရပ်နားလိုက်တဲ့ သဘောပါ၊ ဒီတလ နှစ်လအတွင်းမှာ ဘာထူးခြားမှုမှမရှိရင် ချက်ချင်းပြန်စမယ့်သဘော ရှိတာပေါ့၊ ဒီကြားထဲမှာလည်း ထောင်တာဝန်ရှိသူတွေနဲ့ မကြာမကြာ တွေ့သွားဖို့ရှိတယ်” လို့ ပြောပါတယ်။

အစာငတ်ခံဆန္ဒပြသူတွေ အစာငတ်ခံရတဲ့ ရက်ကြာလာတဲ့အတွက် အားနည်းပြီး ကျန်းမာရေး ချို့ယွင်းနေကြတယ်လို့လည်း ဆိုပါတယ်။

အင်ဖာထောင်တွင်းက မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည် အကျဉ်းသား အများစုဟာ သူတို့ကျခံရမယ့် ပြစ်ဒဏ် ငွေဒဏ်တွေ ကျခံပြီးပေမဲ့ ထောင်တွင်းမှာ နှစ်ချီ ဆက်လက်ထိန်းသိမ်းခံထားရသူတွေ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024