မကွေးတိုင်း၊ ယောဒေသကာကွယ်ရေးတပ် YPDF က ဖမ်းဆီးရမိထားတဲ့ ပျူစောထီး ၂ ဦးကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ YPDF တာဝန်ရှိသူက ပြောပါတယ်။
ဇူလိုင် ၃ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်သုံ့ပန်းဥပဒေနဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ တပ်ဖွဲ့ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဂန့်ဂေါမြို့နယ် ပအဖထံ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
မေ ၂၃ ရက်က ဂန့်ဂေါမြို့နယ်၊ ကုက္ကားရွာအနီး တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေစဉ် မသင်္ကာဖွယ် လူ ၂ ဦးကို တွေ့ရှိတဲ့အတွက် စစ်ဆေးရာ လက်နက်ခဲယမ်းတွေနဲ့ ပျူစောထီးတွေ ဖြစ်နေပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ ပျူစောထီးတွေဟာ ကုက္ကားကျေးရွာက သန်းလွင် ၅၆ နှစ်နဲ့ သန်းထွေး ၅၈ နှစ်တို့ဖြစ်ပြီး တရားခံတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး လုပ်ထုံးလုပ်နည်း၊ လူ့အခွင့်အရေး စံနှုန်းနဲ့အညီ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
YPDF တာဝန်ခံ ကိုယောလေးက “တပ်ဖွဲ့ ထောင်မှာပဲ ချုပ်ထားခဲ့တာပါ။ ကျနော်တို့စားသလိုပဲ ဝဝလင်လင် ကျွေးပါတယ်။ နေ့စဉ် ရေချိုးခွင့်ပေးတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ပေးပါတယ်။ ကျနော်တို့ လက်ထဲမှာတော့ သူတို့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူးဗျ” လို့ ပြောပါတယ်။
ပျူစောထီးတွေထံက လက်လုပ်ပြောင်းချောသေနတ်အတို ၁ လက်၊ ကပစထုတ် ၅.၅၆ ကျည် ၁၇ တောင့်၊ စကားပြောစက်တလုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။