Home
နိုင်ငံတကာ
ပရဟိတ ကယ်ဆယ်ရေးသင်္ဘောကို  အီတလီ အာဏာပိုင်များ ကမ်းကပ်ခွင့်မပေး 
DVB
·
July 5, 2024
photo-HANDOUT via REUTERS

အီတလီအာဏာပိုင်တွေက ရွှေ့ပြောင်းအခြေချသူတွေကို တင်ဆောင်လာတဲ့ သင်္ဘောကို ကမ်းကပ်ခွင့် မပြုခဲ့တာကြောင့် ဆိပ်ကမ်းမှာပဲ ရပ်နားထားရတာ ရက် ၂၀ ကျော်နေပြီလို့ အဲဒီရေယာဉ်ကို ပြေးဆွဲနေတဲ့ လူမှုကူညီရေးအသင်းက ပြောပါတယ်။

ဒီကယ်ဆယ်ရေးသင်္ဘောဟာ  ဗြိတိန်လမ်းပေါ်အနုပညာရှင် ဘန့်ခ်စီက  ရန်ပုံငွေထောက်ပံ့ထားတဲ့ သင်္ဘာဖြစ်ပါတယ်။ သူတို့ရဲ့ ကယ်ဆယ်ရေးသင်္ဘော အမ်ဗွီလူဝီစ်မိရှဲလ်သင်္ဘောကို လမ်ပီဒူဆာ ဆိပ်ကမ်းမှာ ရက်ပေါင်း ၂၀ လောက် ထိန်းသိမ်းထားပါတယ်လို့ လူဝီစ်မိရှဲလ်ပရဟိတအဖွဲ့က X လူမှုကွန်ယက်မှာ ရေးပါတယ်။

သူတို့သင်္ဘောဟာ စစ္စလီကျွန်းမှာ ဆင်းသက်ဖို့ အမိန့်ကို မလိုက်နာတာကြောင့်ဖြစ်ကြောင်း သိရတယ်လို့လည်း ဆိုပါတယ်။

ပင်လယ်ပြင်မှာ ကယ်ဆယ်ခံထားရသူ ၃၇ ဦးကို စစ္စလီကျွန်းရှိ ပေါ့ဇာ့လိုမြို့ကို ခေါ်ဆောင်လာဖို့ အမ်ဗွီလူဝီစ်မိရှဲလ်သင်္ဘောကို ညွှန်ကြားခဲ့ပေမဲ့ သတ်မှတ်ထားတဲ့နေရာကို ရောက်ဖို့ ပင်လယ်မှာ ကြမ်းတမ်းလွန်းတာကြောင့် သူတို့ကို လမ်ပီဒူဆာကျွန်းကို ခေါ်ဆောင်သွားခဲ့တာလို့ ပြောပါတယ်။

အီတလီရဲ့ လက်ယာယိမ်းအစိုးရဟာ ရွှေ့ပြောင်းအခြေချသူတွေကို အလှမ်းဝေးတဲ့ ဆိပ်ကမ်းတွေဆီ ခေါ်ဆောင်သွားဖို့ အမိန့်တွေ အပါအဝင် ပရဟိတ ကယ်ဆယ်ရေးသင်္ဘောတွေရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်တာ၊ လောင်စာဆီ ကုန်ကျစရိတ်ကို တိုးမြှင့်တာနဲ့ သူတို့တွေကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး ဧရိယာတွေကနေ ဝေးရာကို ခေါ်ဆောင်သွားခိုင်းတာတွေအတွက် ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။

အင်္ဂလန်မှ ဘရစ္စတိုမြို့သား ဘန့်ခ်စီကို သူ့ရဲ့လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် လူသိများပြီး သူထောက်ပံ့ပေးနေတဲ့ မီတာ ၃၀ အရှည်ရှိ ပရဟိတ ကယ်ဆယ်ရေးသင်္ဘောဟာ ၁၉ ရာစု ပြင်သစ် အမျိုးသမီးဝါဒီ မင်းမဲ့ဝါဒီ တဦးဖြစ်တဲ့ လူဝီစ်မိရှဲလ်ကို အစွဲပြုပြီး နာမည်ပေးထားတာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013