Home
မြန်မာသတင်း
စစ်ကောင်စီက အေဂျင်စီများထံမှ ပြည်ပရောက်အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက် အသည်းအသန်တောင်းနေ
DVB
·
July 4, 2024

စစ်ကောင်စီက ပြည်ပရောက် အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးပို့ဖို့ အလုပ်သမား စေလွှတ်ထားတဲ့ အေဂျင်စီတွေဆီ ဆက်တိုက် ညွှန်ကြားတောင်းဆိုနေတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။

အေဂျင်စီတွေအနေနဲ့ ၂၀၂၃ ခုနှစ်ကုန်ပိုင်းကစလို့ စေလွှတ်ထားတဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုစည်းပေးပို့ဖို့နဲ့ လတိုင်း လဆန်း ၅ ရက် မတိုင်ခင် အလုပ်သမား ကိုယ်ရေးအချက်အလက်ပေးဖို့ တောင်းနေတာလို့ ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တဦးက “ကိုယ်ရေးအချက်အလက် ဆိုတာထက်ဗျာ၊ အဲဒီအလုပ်သမားက ပြောထားသလို လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီ ပြန်လွှဲတယ်ဆိုတဲ့ အထောက်အထားတောင်းတာ။ တချို့ကလည်း အလုပ်သမားနဲ့ အဆက်အသွယ် ပြတ်သွားတော့ မတင်ပြနိုင်ဘူး၊ ကြည့်လုပ်ရတာပဲ” လို့ ပြောပါတယ်။

အဲဒီလို အလုပ်သမားရဲ့ ကိုယ်ရေးအချက်အလက် မပေးပို့နိုင်တဲ့ အေဂျင်စီတွေကို အရေးယူသွားမယ်လို့လည်း စစ်ကောင်စီလက်​အောက်ခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ဆက်တိုက် သတိပေးနေပါတယ်။

လက်ရှိမှာလည်း စာရင်းမပေးပို့နိုင်တဲ့ အေဂျင်စီတွေ ကျန်နေသေးပြီး စံပြအနေနဲ့ အေဂျင်စီတချို့ကို လိုင်စင်ယာယီပိတ်သိမ်း အရေးယူပြတာမျိုး ရှိလာနိုင်တယ်လို့လည်း အေဂျင်စီ လုပ်ငန်းရှင်တချို့က ပြောပါတယ်။

မြန်မာနိုင်ငံကနေ လစဥ် မြန်မာလုပ်သား ၂၀,၀၀၀ နီးပါး ပြည်ပကို ထွက်ခွာနေပြီး အဲဒီအလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရောက်ရင် လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပို့မယ်ဆိုတဲ့ ခံဝန်လက်မှတ် ရေးထိုးခဲ့ကြတာပါ။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၅၇၀ နီးပါး ရှိတဲ့အနက် တဝက်လောက်ကပဲ အလုပ်သမား ပုံမှန်စေလွှတ်နိုင်တယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024