ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ ဇူလိုင် ၂ ရက်ကစပြီး ဧရာ၀တီမြစ်ရေ စိုးရိမ်ရေမှတ် အထက်ကျော်လွန်ကာ မြစ်ရေလျှံခဲ့တာကြောင့် ဒေသခံ ၂၃၀၀၀ နီးပါးကို ဘေးလွတ်ရာ အရေးပေါ်ရွှေ့ပြောင်းထားရတယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
မြစ်ရေကြီးမှုကြောင့် ဗန်းမော်မြို့၊ ဆူးပုတ်ကုန်းကျေးရွာ၊ မြေနိမ့်ပိုင်းရှိ နေအိမ်တချို့ ရေတွေဝင်ကာ ပိတ်မိနေသူတွေကို ဇူလိုင် ၅ ရက် ဒီနေ့ မနက်ပိုင်းထိ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေလုပ်ဆောင်နေကြရပါတယ်။
ရေဘေးကူညီကယ်ဆယ်ရေးသမားတဦးက "ဇူလိုင် ၂ ရက်ကစပြီး ဗန်းမော်မြို့ထဲက အိမ်ထောင်စု ၄၀၀၀ ကျော်၊ လူဦးရေ ၂၀၀၀၀ ကျော်နဲ့ ရွှေကူမြို့နယ်က လူဦးရေ ၅၀၀ လောက်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့တာပါ။ မနေ့ကဆိုရင် ရေကပိုပြီးတက်လာတယ်။ လက်ရှိ ရွှေကူမြို့မှာ ဒေသခံတွေအတွက် ယာယီစခန်း ၁၂ ခုဖွင့်ပြီး အရေးပေါ်ရွှေ့ပြောင်းထားရတယ်" လို့ ပြောပါတယ်။
ကသာမြို့နယ်နဲ့ ဗန်းမော်မြို့နယ်တွေမှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကို ရောက်ရှိနေတာကြောင့် အနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ နေရာရွှေ့ပြောင်းနိုင်ဖို့ကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်မှာ ဇူလိုင် ၂ ရက်ကစလို့ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ ရေကြီးရေလျှံမှုအတွင်း လူသေဆုံးမှု မရှိသေးကြောင်းနဲ့ ခွန်သာ၊ တပ်ကလေး၊ မြေနု၊ လက်ပံတန်း စတဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေအပြင် မိုးစိမ်းကျွန်း၊ စင့်ကင်၊ မိုင်းကာ၊ ရေနီ၊ ရေလဲ၊ ညောင်ပင်သာစတဲ့ ကျေးရွာတွေနဲ့ ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေ ရေနစ်မြုပ်နေ ပါတယ်။