Home
ဆောင်းပါး
ဒေါ်နယ် ထရမ့်ပ် ပြန်လာမလား
DVB
·
July 5, 2024

(၁)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်တို့ရဲ့ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ စကားစစ်ထိုးပွဲ (debate) အပြီးမှာ အမေရိကန်နိုင်ငံရေးလောကထဲ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့တယ်။ စကားစစ်ထိုးပွဲမှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ဟာ အိုးနင်းခွက်နင်း ဖြစ်ခဲ့တယ်။ လျှာခလုတ်တိုက်ပြီး ပြောရမယ့်စကားတွေကို ထစ်အ နေခဲ့တယ်။ ထိထိမိမိ မရှိလှဘူး။ ပြီးတော့ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ လက်ရှိသမ္မတရဲ့ ကျန်းမာရေးက နောက် ၄ နှစ်အထိ တာဝန်ထမ်းဆောင်ဖို့ ဖြစ်နိုင်ပါ့ဦးမလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့တယ်။ ဒီပွဲမှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် ရှုံးတယ်လို့ ပြောရမယ်။

ဒီစကားစစ်ထိုးပွဲကို ကြည့်ပြီးတဲ့နောက်မှာတော့ အမေရိကန် မဲဆန္ဒရှင်တွေဟာ သမ္မတလောင်း ဖြစ်လာမယ့် သူတို့နှစ်ဦးအပေါ် အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားကြတယ်။ အထူးသဖြင့် ဒီမိုကရက်ပါတီကို ထောက်ခံကြသူတွေ၊ ဒီမိုကရက်အမတ်တွေ ကြားမှာ ဂျိုးဘိုင်ဒင်ရဲ့ အနေအထားအပေါ် အတော်လေး အားမလို အားမရ ဖြစ်ခဲ့ကြပြီး ဂျိုးဘိုင်ဒင်ကို သမ္မတလောင်းအဖြစ်က ဖယ်ရှားပြီး တခြားတဦးနဲ့ အစားထိုးဖို့အထိ တောင်းဆိုမှုတွေ ရှိလာခဲ့တယ်။ နာမည်ကျော် နယူးယောက်တိုင်းမ် သတင်းစာကြီးကဆိုရင် “တိုင်းပြည်အကျိုးအတွက် ဘိုင်ဒင် သမ္မတပြိုင်ပွဲက နုတ်ထွက်သင့်” ဆိုပြီး ခေါင်းတပ် ရေးသားခဲ့တယ်။

ဘိုင်ဒင်ထက်စာရင် ဒီပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် အသာရတယ်လို့ ဆိုရမယ်။ ဒေါ်နယ်ထရမ့်ပ်ကလည်း စင်ပေါ်မှာ အလိမ်အညာ မုသားစကားတွေကို အကြိမ်ကြိမ် ပြောခဲ့တာပဲ ဖြစ်တယ်။ ဒါပေမဲ့ ထရမ့်ပ်ရဲ့ အနေအထားက ဂျိုးဘိုင်ဒင်ထက် အများကြီး သာလွန်နေတယ်။ ရုပ်သံရှေ့မှာ ဘယ်လိုကိုယ်နေဟန်ထားနဲ့ နေရမယ်၊ ဘယ်လိုသရုပ်ဆောင်ရမယ် ဆိုတာကို ကောင်းကောင်းကျွမ်းကျင်တဲ့ ထရမ့်ပ်က မေးလာတဲ့ မေးခွန်းအားလုံးကို ချက်ကျ လက်ကျ ဖြေသွားခဲ့တယ်။

တကယ်တော့ ထရမ့်ပ်က ရာဇဝတ်သားပါ။ အမေရိကန်သမိုင်းမှာ တခါမှ မရှိဘူးတဲ့ ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သမ္မတလောင်းပါ။ စင်ပေါ်မှာ ငယ်ကျိုးငယ်နာ ဖော်ကြတော့ သူ့ကို ဘိုင်ဒင်က အပြာမယ်နဲ့ လိင်ဆက်ဆံခဲ့တဲ့ ရာဇဝတ်သားလို့ တစ်တစ်ခွခွ ပြောခဲ့တယ်။ ဒီလိုပြောဆိုမှုကို ထရမ့်ပ်က အပြုံးမပျက်ဘဲ တုံ့ပြန်ခဲ့တယ်။ “ကျုပ် ဘယ်တုန်းကမှ အပြာမယ်နဲ့ မဆက်ဆံခဲ့ဘူး” လို့ ပြတ်ပြတ်သားသား ငြင်းတယ်။ သူ့ကို ရာဇဝတ်သားလို့ ခေါ်ဝေါ်ခဲ့တဲ့ ဘိုင်ဒင်ကိုကျတော့ “ခင်ဗျားသား ဟန်တာကရော မူးယစ်ဆေးသုံးပြီး တရားမဝင် လက်နက်ကိုင်ဆောင်တဲ့ ရာဇဝတ်သား မဟုတ်ဘူးလား” လို့ ပြန်ပက်တယ်။

တကယ်တော့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဖြစ်လာမယ့် ထရမ့်ပ်က အမှုတွေအများကြီး ရင်ဆိုင်နေရသူပါ။ အမှုအတော်များများက ရာဇဝတ်မှုနဲ့ စွဲဆိုခံထားရသလို တချို့အမှုတွေဆို စီရင်ချက်ချပြီး ဖြစ်တယ်။ ဒီအထဲမှာ ၂၀၀၆ ခုနှစ်က အပြာကားသရုပ်ဆောင်မင်းသမီး စတွန်မီ ဒန်နီယယ်နဲ့ လိင်ဆက်ဆံခဲ့တယ်ဆိုတဲ့ စွဲချက်လည်းပါတယ်။ ဒီအဖြစ်အပျက်ကို ၂၀၁၆ ရွေးကောက်ပွဲမပြီးခင် နှုတ်ပိတ်ခအနေနဲ့ လာဘ်ထိုးခဲ့ပြီး လာဘ်ထိုးထားတဲ့ငွေတွေကို သမ္မတအသုံးစရိတ်စာရင်းထဲ လိမ်ပြီးထည့်ထားတဲ့ အမှုလည်း ပါဝင်တယ်။ စီးပွားရေးစာရင်း လိမ်လည်မှု ၃၀ ကျော်ကို နယူးယောက် မန်ဟက်တန်တရားရုံးက စစ်ဆေးပြီး အပြစ်ရှိတယ်လို့ မေလ ၃၁ ရက်က အမိန့်ချခဲ့ပြီးဖြစ်တယ်။ ဒီလို အမှုတွေ တသီကြီး ရင်ဆိုင်နေရတဲ့ ဒေါ်နယ်ထရမ့်ပ်က စကားစစ်ထိုးပွဲမှာ မေးလာသမျှ မေးခွန်းတွေကို ချက်ကျလက်ကျ ပြန်ချေပနိုင်ချိန်မှာ လက်ရှိသမ္မတ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဂျိုးဘိုင်ဒင်က ခွေးအကြီး လှည်းနင်းသလို မေးခွန်းတွေကို ချက်ကျလက်ကျ ဖြေနိုင်စွမ်းမရှိတာ မြင်ခဲ့ကြရတယ်။

ဒီစကားစစ်ထိုးပွဲအပြီး အမေရိကန်နိုင်ငံရေးလောကမှာ လှုပ်ခတ်နေတာကတော့ ဂျိုးဘိုင်ဒင်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအရ သမ္မတယှဉ်ပြိုင်ပွဲက နုတ်ထွက်သင့်တယ်ဆိုတဲ့ တောင်းဆိုမှုဖြစ်ပြီး သူ့အစား ငယ်ရွယ်တဲ့သူတဦးနဲ့ အစားထိုးဖို့ တိုက်တွန်းမှုတွေ ဖြစ်တယ်။

ဒီပွဲအပြီး ဘိုင်ဒင်ကတော့ အဲဒီနေ့က သူဟာ သိပ်နေမကောင်းတဲ့အကြောင်း၊ တပတ်အတွင်း ဥရောပကို လေယာဉ်နဲ့ နှစ်ခေါက် အသွားအပြန် ခရီးသွားထားရလို့ ခရီးပန်းနေခဲ့တာ ဖြစ်ကြောင်း၊ သူ့ကို နုတ်ထွက်ဖို့ တိုက်တွန်းကြသူတွေကို သူဟာ လာမယ့် ၄ နှစ်အတွက် ကျန်းကျန်းမာမာနဲ့ တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံရေးလောကမှာ ထူခြားဖြစ်စဉ်တွေလည်း ဒီရက်ပိုင်းအတွင်း ရှိလာပါတယ်။

(၂)

ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့က အမေရိကန် ဗဟိုတရားရုံးဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်ပြီး “သမ္မတနဲ့သက်ဆိုင်တဲ့ အမှုများ စီရင်စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်” (presidential immunity from prosecution) ဆုံးဖြတ်ချက်တရပ်ကို ချမှတ်လိုက်ပါတယ်။

ဗဟိုတရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် လက်ရှိ ရာဇဝတ်မှုများနဲ့ တရားစွဲဆိုခံထားရတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ဟာ အမှုဆက်လက်ရင်ဆိုင်စရာ မလိုတော့ဘဲ ကင်းလွတ်ခွင့် ရသွားပြီလို့ ဆိုရမယ်။ အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ အမေရိကန် ဗဟိုတရားသူကြီးအဖွဲ့က တရားသူကြီးချုပ် ဂျွန်ရောဘတ် အပါအဝင် ၆ ဦးက သမ္မတအပေါ် အမှုစစ်ဆေးခြင်းက ကင်းလွတ်ခွင့် (Presidential immunity) ကို သဘောတူခဲ့တာဖြစ်ပြီး လစ်ဘရယ်သဘောထားရှိတဲ့ တရားသူကြီးအဖွဲ့ဝင် ၃ ဦးကတော့ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးခဲ့တာပါ။

ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ “ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အာဏာအရ သမ္မတ တဦးဟာ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် တရားစွဲဆိုခွင့် မရှိဘူး” လို့ ဖော်ပြထားတယ်။

ဒီဆုံးဖြတ်ချက် ပေါ်ထွက်လာအပြီးမှာ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီကို ချီးကျူးဂုဏ်ပြုလိုက်ပြီး ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မဟာအောင်ပွဲတရပ် ဖြစ်တယ်လို့ ပြောကြားလိုက်တယ်။ Presidential Immunity အရ သမ္မတတာဝန် ထမ်းဆောင်နေစဉ်အတွင်း သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် တရားစီရင်ခွင့် မရှိတော့ပါဘူး။ ဒါပေမဲ့ သမ္မတတာဝန်မယူခင် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်တော့ တရားစီရင်ခံရမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အမေရိကန်ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အမှုများစွာနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်နယ်ထရမ့်ပ်အတွက် သက်သာရာရခဲ့တယ်လို့ ဆိုရမယ်။ ဒီဆုံးဖြတ်ချက် ထွက်ပေါ်ပြီး မကြာခင်မှာပဲ ထရမ့်ပ်ရှေ့နေတွေက (hush money) လို့ခေါ်တဲ့ အပြာမယ်နုတ်ပိတ်ခပေးမှု စီရင်ချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ နယူးယောက်တရားရုံးဟာ ဒီအမှုနဲ့ပတ်သက်ပြီး လာမယ့် စက်တင်ဘာ ၁၈ ရက်နေ့အထိ ရွှေ့ဆိုင်းပေးလိုက်တယ်လို့ သိရတယ်။

ဒေါ်နယ်ထရမ့်ပ်ကို စွဲတဲ့ ရာဇဝတ်မှုတွေထဲမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲအောင် အဓမ္မကြိုးပမ်းခဲ့မှု (တနည်းအားဖြင့်) ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က အမေရိကန်လွှတ်တော် (ကက်ပီတိုလ်ဟီးလ်) ထဲကို ရီပတ်ဘလစ်ကန် ထောက်ခံတဲ့ လူအုပ်ကြီးက ဝင်ရောက်စီးနင်းပြီး အာဏာလွှဲပြောင်းတဲ့ အခမ်းအနား ပျက်စီးအောင် ထရမ့်ပ်က အမိန့်ပေးစေခိုင်းတဲ့အမှုလည်း ပါဝင်တယ်။ ခုတော့ ဗဟိုတရားရုံးရဲ့ သမ္မတဆိုင်ရာ ကင်းလွတ်ခွင့် (immunity) အရ ဒီလုပ်ဆောင်ချက်တွေမှာ ထရမ့်ပ် အပြစ်မရှိတော့ဘူးလို့ သိရတယ်။

အဖွဲ့ဝင် ၉ ဦးပါတဲ့ အမေရိကန် ဗဟိုတရားသူကြီးအဖွဲ့ထဲက ၆ ဦးက ထောက်ခံပြီး ၃ ဦးက မထောက်ခံတဲ့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမေရိကန် တရားစီရင်ရေးလောကမှာလည်း အငြင်းပွားစရာတွေ ဖြစ်နေခဲ့တယ်။

(၃)

၂၀၂၀ ပြည့်နှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒင်က စုစုပေါင်း မဲအရေအတွက် ၈၁,၂၈၃,၅၀၁ ရရှိပြီး ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ၇၄,၂၂၃,၉၇၅ ဆန္ဒမဲ အသီးသီးရရှိခဲ့ကြတယ်။ ဒါကိုကြည့်ရင် သမ္မတလောင်းနှစ်ဦးကြား ရရှိခဲ့တဲ့ မဲအရေအတွက်ဟာ သိပ်အကွာခြားကြီး မဟုတ်လှဘူး။ ပွတ်ခါသီခါ အနေအထားလို့ ဆိုရမယ်။ မဲအရေအတွက် အငြင်းပွားကြတယ် ဆိုရာမှာ အပြတ်အသတ်ကွာခြားလို့ ဖြစ်လာတာမဟုတ်ဘဲ သိပ်မကွာခြားလှလို့ ဖြစ်လာတဲ့ အနေအထားပါ။

ဒေါ်နယ်ထရမ့်ပ်နဲ့ ဂျိုးဘိုင်ဒင်ကြား အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှု margin ဟာ မတိမ်းမယိမ်းရှိခဲ့ပြီး နောက်ဆုံးမှာ ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင် အနိုင်ရခဲ့တာဖြစ်တယ်။

ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တို့ရဲ့ လွန်ဆွဲပွဲမှာ ဒီမိုကရက်တွေ အနိုင်ရသွားတဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး ၄ နှစ်အကြာ ၂၀၂၄၊ နိုဝင်ဘာ ၅ ရက်မှာ အမေရိကန်သမ္မတရွေးကောက်ပွဲ နောက်တကြိမ် ထပ်လာပါတော့မယ်။ ဒီတကြိမ်မှာလည်း အရင်ပြိုင်ဘက်နှစ်ဦး ပြန်တွေ့တာဖြစ်လို့ လက်ဝှေ့စကားနဲ့ပြောရရင် (rematch) မကျေပွဲ နွှဲကြမယ့် ရွေးကောက်ပွဲပါပဲ။

ရွေးကောက်ပွဲမတိုင်မီ လေးလအလိုမှာ ကျင်းပခဲ့တဲ့ ပထမဆုံး စကားစစ်ထိုးပွဲ (debate) မှာတော့ ဒီမိုကရက်သမ္မတလောင်း ဖြစ်လာမယ့် ဂျိုးဘိုင်ဒင်ကတော့ ဒလိမ့်ခေါက်ကွေး ကျသွားပါပြီ။ ဒီမိုကရက်လိုလားသူတွေက ဘိုင်ဒင်ရဲ့ အလားအလာအပေါ် အားမလို အားမရ ဖြစ်နေချိန်မှာပဲ ဒေါ်နယ်ထရမ့်ပ် နောက်တကြိမ် အနိုင်ရတော့မှာလား ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။ စစ်တမ်းတွေအရတော့ အမေရိကန်ပြည်သူ လေးပုံတပုံဟာ ထရမ့်ပ်ကိုရော၊ ဘိုင်ဒင်ကိုပါ နှစ်သက်ကြခြင်း မရှိဘူးလို့ ဆိုတယ်။ ဒီနှစ်ယောက်သာ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကြရင် ဘယ်သူ့ကိုမှ မဲမထည့်ဘူးလို့ ဆုံးဖြတ်ထားသူတွေလည်း ရှိတယ်လို့ သိရတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲကို တကမ္ဘာလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။ Make America Great Again ဆိုတဲ့ ကြွေးကြော်သံနဲ့ သမ္မတဖြစ်လာခဲ့ဖူးတဲ့ ဒေါ်နယ်ထရမ့်ပ်ပဲ ပြန်လာမှာလား။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ပဲ ဆက်ပြီး အနိုင်ရသွားမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ ထရမ့်ပ်နဲ့ ဘိုင်ဒင်တို့ရဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရုတ်မီဒီယာတခုကတော့ “အမေရိကန် စင်ပေါ်က ပြဇာတ်ကို ထိုင်ကြည့်နေရုံပါပဲ။ အမေရိကန်မှာ ဘယ်သူတက်တက် တရုတ်အပေါ်ထားတဲ့ သူတို့သဘောထားက ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ သိနေပါတယ်” လို့ ရေးသားထားတာကို ဖတ်ရှုလိုက်ရပါတယ်...။

CWM

Photo- Reuters

Ref: Could Joe Biden be replaced as a contender in the US election, after his debate performance? CNA And other related articles.

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024