ချင်းပြည်နယ်၊ မတူပီမြို့ မြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ CDF မတူပီ တပ်မဟာ-၁ က ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ တိုက်ပွဲဖြစ်နေတဲ့ ဇွန် ၃၀ ရက်ကနေ ဇူလိုင် ၃ ရက်အထိ CDF မတူပီ တပ်မဟာ-၁ ထံ လာရောက်ခိုလှုံလာကြတာ ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲဖြစ်နေစဉ် ဇွန် ၆ ရက်မှာ စစ်ကောင်စီတပ်သားတွေက မတူပီရဲစခန်းအချုပ်ကနေ မတူပီအခြေချ စစ်ဗျူဟာ ခလရ ၁၄၀ ကို ရွှေ့ပြောင်း ချုပ်နှောင်ခဲ့ပြီး တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သားတွေကို သယ်ဆောင်ဖို့ အဓမ္မခိုင်းစေခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ တပ်မဟာ-၁ ပြန်ကြားရေးတာဝန်ခံက “အခု လွတ်မြောက်လာသူတွေက မတူပီမြို့မရဲစခန်းမှာ ထားတယ်၊ မတူပီမြို့သိမ်းတိုက်ပွဲတွေ စတော့ သူတို့ကို ခလရ-၁၄၀ ဘက်ကို ရွှေ့တယ်။ အဲဒီ ၁၄၀ ကို ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်တွေက တိုက်တော့ စစ်ကောင်စီက တပ်ပျက်ပါတယ်။ သူတို့ ကစဉ့်ကလျား ပြေးနေတဲ့အချိန်မှာ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကျနော်တို့စစ်မျက်နှာကို လာရောက်ခိုလှုံတာပါ” လို့ ပြောပါတယ်။
လက်ရှိမှာ သူတို့ကို CDF မတူပီ တပ်မဟာ-၁ မှာ ထိန်းသိမ်းထားပြီး မိသားစုဆီ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်၊ မတူပီမြို့ကို ဇွန် ၂၉ ရက်မှာ ချင်းညီနောင် Operation CB အဖြစ် အပြီးသတ် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။