Home
နိုင်ငံတကာ
တရုတ်သမ္မတက ဆိုဗီယက်ပြည်ထောင်စုဟောင်းက နိုင်ငံ့အကြီးအကဲများနှင့် တွေ့ဆုံ
DVB
·
July 5, 2024
photo-POOL | Credit: via REUTERS

ယူကရိန်းစစ်ပွဲကြောင့် ဆိုဗီယက်ပြည်ထောင်စုအောက်က သမ္မတနိုင်ငံတွေအပေါ် ရုရှားရဲ့ ချုပ်ကိုင်မှု  ပြေလျော့နေချိန်မှာ အလယ်အာရှနိုင်ငံတွေဟာ တရုတ်နိုင်ငံနဲ့ ပိုနီးကပ် လာခဲ့ကြပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီသီတင်းပတ်ထဲမှာ ဆိုဗီယက်ပြည်ထောင်စုအောက်ကနေ ကွဲထွက်လာတဲ့ အလယ်အာရှနိုင်ငံတွေက အကြီးအကဲတွေနဲ့ တယောက်ပြီး တယောက် တွေ့ဆုံ နေခဲ့တာပါ။

ဒါကြောင့် တရုတ်နဲ့ ရုရှားအစိုးရတွေဟာ အကန့်အသတ်မဲ့ မိတ်ဖက်အဖြစ်ကနေ မိတ်ဆွေတပိုင်း ရန်သူတပိုင်း ဖြစ်လာနေပြီလားလို့ အနောက် မီဒီယာတွေက သုံးသပ်ဖော်ပြနေကြပါတယ်။

တရုတ်နဲ့ ကာဇက်စတန်တို့ဟာ ခေတ်မီတိုးတက်ရေး လမ်းကြောင်းပေါ်က အပေါင်းအဖော်တွေလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကာဇတ်မြို့တော် အဲ့စ်တာနာမှာ ကာဇတ် သမ္မတ ကက်ဆင်မ်ယိုမတ်တိုကာယဲ့ဗ်နဲ့ ဗုဒ္ဓဟူးနေ့က  ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

တိုကာယက်ဗ်နဲ့ ရှီကြား ဆွေးနွေးပွဲတွေဟာ ချစ်ကြည်ရင်းနှီးမှု၊ ဖော်ရွေမှုတို့ရဲ့ အသီးအပွင့်တွေလို့ ရှီက ပြောခဲ့ပြီး နှစ်နိုင်ငံကြား ပူးတွဲကြေညာချက် တရပ်ကို လက်မှတ်ရေးထိုးခဲ့ ပါတယ်။

တရုတ်နဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ဟာလည်း နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး အနေအထားအသစ်နဲ့ အစပျိုးမှုအသစ်ဖြစ်လာတယ်လို့ တရုတ် သမ္မတရှီကျင့်ဖျင်က အဲ့စ်တာနာမြို့မှာ အဇာဘိုင်ဂျန် သမ္မတ အီဟမ် အလီယက်ဗ်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကြာသပတေးနေ့မှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ ၂၄ ကြိမ်မြောက် နိုင်ငံတော်အကြီးအကဲများ အစည်းအဝေးမတိုင်မီ ကာဇတ်မြို့တော်မှာ တရုတ်သမ္မတက နိုင်ငံ ခေါင်းဆောင်တွေနဲ့ တဦးပြီး တဦး တွေ့ဆုံခဲ့တာပါ။

တရုတ်နိုင်ငံဟာ နှစ်နိုင်ငံဆက်ဆံရေး အရည်အသွေးမြင့်မားတိုးတက်စေဖို့ ဥဇဘက်ကစ္စတန်နဲ့ လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့ ဥဇဘက် သမ္မတ ရှာကက် မာဇီယိုးယက်ဖ်နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ချိန်မှာ  ရှီက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ဥဇဘက်ကစ္စတန်နိုင်ငံ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ရာမှာ ဥဇဘက်ကစ္စတန်ကို အခိုင်အမာထောက်ခံပြီး ဥဇဘက်ကစ္စတန်ရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ၊ မိတ်ဖက်အဖြစ် အမြဲရှိနေမယ်လို့ ရှီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013