Home
မြန်မာသတင်း
စဉ့်ကူး၊ ပင်လယ်ကြီးတပ်စခန်းကို PDF သိမ်းပိုက်၊ စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၃ ဦးသေဆုံး
DVB
·
July 5, 2024

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပင်လယ်ကြီးတပ်စခန်းကို ဇူလိုင် ၄ ရက်၊ မနက်စောပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၃၀ နီးပါးသေဆုံးတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဆီကနေ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ မနက်စောပိုင်းမှာ ပင်လယ်ကြီးတပ်စခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့တယ်။ စစ်သားနဲ့ပျူ အလောင်း ၃၀ နီးပါး တွေ့ထားတယ်။ ကျန်တဲ့ကောင်တွေကတော့ ထွက်ပြေးသွားကြတယ်။ ကျနော်တို့လုပ်ငန်းစဥ်တွေမပြီးသေးတဲ့အတွက် သတင်းမထုတ်ပြန်ပေးသေးတာပါ။ အားလုံးပြီးရင် သက်ဆိုင်ရာတပ်ဖွဲ့တွေဆီကနေ သတင်းထုတ်ပြန်ပေးပါလိမ့်မယ်”လို့ DVB ကို ပြောပြပါတယ်။

သိမ်းပိုက်ရရှိတဲ့ ပင်လယ်ကြီးစစ်ကောင်စီတပ်စခန်းကို မီးရှို့ဖျက်ဆီးကာ နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

သေဆုံးသွားကြတဲ့ ပျူစောထီးတွေဟာ စဥ့်ကူးမြို့နယ်ထဲက ရေတော်ကျေးရွာ၊ ဒိုးပင်ကုန်းကျေးရွာ၊ ထုံးကြီးကျေးရွာတွေက ပျူစောထီးအဖွဲ့၀င်တွေ ဖြစ်တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ အနီးနားက ကျေးရွာတွေဖြစ်တဲ့ လက်ပန်လှကျေးရွာအုပ်စုထဲက ပင်လယ်ကြီးကျေးရွာ၊ ရုံးပင်ကုန်းကျေးရွာနဲ့ ရှောက်ပင်ရိုးကျေးရွာတွေကို ဇူလိုင် ၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ၄ ကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရကာ နေအိမ်တချို့လည်း ပျက်စီးသွား ပါတယ်။

စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြား​ရေးအဖွဲ့ရဲ့ တာ၀န်ခံတဦးက “စစ်တပ်က မနက် ၁၀ နာရီခွဲလောက်မှာ ပင်လယ်ကြီးရွာကို ဟတ်စကီးနဲ့ပစ်ပြီး ရုံးပင်ကုန်းရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲတယ်။ အိမ်တွေပျက်စီးပြီး အမျိုးသမီး ၃ ယောက်သေတယ်။ ၃ ယောက်စလုံးက အစ္စလာမ်ဘာသာဝင်တွေချည်းပဲ။ ထိခိုက်ဒဏ်ရာရတာကတော့ အမျိုးသား၊ အမျိုးသမီး ၅ ယောက်လောက်ရှိတယ်။ အသက် ၄၀ ၀န်းကျင် အမျိုးသား  တယောက်တော့ ခြေထောက်ပြတ်သွားတယ်လို့ ကနဦးသိထားရတယ်”လို့ ​ပြော ပါတယ်။

ဇူလိုင် ၃ ရက် နေ့လယ် ၁ နာရီ၀န်းကျင်မှာလည်း ပင်လယ်ကြီးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ထပ်မံကြဲချခဲ့လို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ပင်လယ်ကြီးတပ်စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ အနီးအနားကကျေးရွာတွေကို စစ်ကောင်စီတပ်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ စဥ့်ကူးမြို့ပေါ်မှာ စစ်သည်အင်အားတိုးချတာတွေ၊ လက်နက်ကြီး တပ်ဆင်တာတွေ ပြုလုပ်နေပြီး ခံစစ်အတွက်ပြင်ဆင်နေတယ်လို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပင်လယ်ကြီးတပ်စခန်းသိမ်းပိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ သတင်းထုတ်ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013