Home
နိုင်ငံတကာ
ဂျော်ဂျီယာအထက်တန်းကျောင်း ပစ်ခတ်မှု သံသယရှိသူ၏ ဖခင်အား ဖမ်းဆီး
DVB
·
September 6, 2024
Photo -REUTERS

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အက်ပလာချီ အထက်တန်းကျောင်းမှာ လူ ၄ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တဲ့ ကျောင်းတွင်းပစ်ခတ်မှုနဲ့ ဆက်နွှယ်ပြီး ပစ်ခတ်မှုကျူးလွန်သူ ဆယ်ကျော်သက်ကျောင်းသား ကို့လ်တ်ဂရေးရဲ့ ဖခင် ကိုလင်းန်ဂရေးကို ဂျော်ဂျီယာပြည်နယ် အာဏာပိုင်တွေက စက်တင်ဘာ ၅ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

အသက် ၅၄ နှစ်ရှိ ကိုလင်းန် ဂရေးကို မရည်ရွယ်ထားတဲ့ လူသတ်မှု ၄ မှု၊ ဒုတိယအဆင့် လူသတ်မှု ၂ မှု၊ ကလေးတွေအပေါ် ရက်ရက်စက်စက်ပြုမူမှု ၈ မှုတို့နဲ့ တရားစွဲဆိုထားကြောင်း ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရိုက ပြောပါတယ်။

ဒီစွဲဆိုချက်တွေဟာ မစ္စတာ ဂရေးက သူ့သား ကို့လ်တ်ကို သိသိကြီးနဲ့ လက်နက်ကိုင်ဆောင်ဖို့ ခွင့်ပြုခဲ့တာကြောင့်လို့ ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ဒါရိုက်တာ ခရစ္စ ဟိုဆေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကို့လ်တ်ဂရေးကို လူသတ်မှုပုဒ်မ ၄ ခုနဲ့ စွဲချက်တင်ထားပြီး အရွယ်ရောက်ပြီးသူတယောက် အနေနဲ့ စီရင်ချက်ချမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂရေး သားအဖ ၂ ယောက်လုံးကို ကျောင်းပစ်ခတ်မှု ကျူးလွန်မယ့် အွန်လိုင်းခြိမ်းခြောက်မှုနဲ့ စပ်လျဉ်းပြီး အိမ်နီးချင်း ဂျက်ဆင်ကောင်တီရှိ ဒေသခံအရာရှိတွေဟာ မနှစ်တုန်းက မေးမြန်းခဲ့ပေမဲ့လည်း သူတို့ကို ဖမ်းဆီးဖို့က ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းပြချက် မတွေ့ရှိဘူးလို့ FBI က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် စုံစမ်းမေးမြန်းမှုမှာ ဖခင် ဂရေးက သူ့အိမ်မှာ အမဲလိုက်သေနတ်တွေ ရှိထားကြောင်းနဲ့ အဲဒါတွေကို သူ့သား ကိုင်ခွင့်မရှိကြောင်း ဖြေဆိုထားပြီး သူ့သား ဂရေး ကလည်း အွန်လိုင်းမှာ ခြိမ်းခြောက်မှုတွေ မလုပ်ဘူးလို့ ငြင်းဆန်ထားကြောင်း FBI က ပြောပါတယ်။

ဂျော်ဂျီယာပြည်နယ်နဲ့ ဘားရိုးကောင်တီ စုံစမ်းစစ်ဆေးရေးမှူးတွေက အဲဒီကျောင်းက ကျောင်းသား ဂရေးက သူ့ရွယ်တူ ကျောင်းသား ၂ ယောက်နဲ့ ဆရာ ၂ ယောက်တို့ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို ကျူးလွန်ဖို့ ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်သေနတ်ကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အဲဒီသေနတ်ကို ဘယ်လိုရယူခဲ့တယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တရားခံဟာ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ စကားပြောဆိုခဲ့ကြပေမဲ့ ခုလို ပထမဆုံး အမေရိကန် ကျောင်းဝင်းအတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားရတဲ့အထိ သူ့ကို ဘာကလှုံ့ဆော်ပေးလဲ ဆိုတာကို သိရှိခြင်း ရှိ မရှိ မပြောကြပါဘူး။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013