အာဏာသိမ်းစစ်ခေါင်းဆောင် ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်မှာ ရောက်ရှိနေချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နန်းမယ်ခုံဒေသမှာလည်း စက်တင်ဘာ ၅ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲလို့ ရွာသား ၂ ယောက် သေဆုံးခဲ့တယ်လို့ KNDF နဲ့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၄ ရက်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လွိုင်ကော်မြို့ကို ရောက်လာခဲ့ပြီး ပြည်နယ်ခန်းမမှာ လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ တွေကို စစ်ဆေးပြီး မြို့တပတ်လှည့်လည်ခဲ့တယ်လို့ Kayah state media မှာ ရေးသား ဖော်ပြပါတယ်။
စစ်ခေါင်းဆောင် လွိုင်ကော်ရောက်ချိန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
“မနေ့က မင်းအောင်လှိုင်လွိုင်ကော်လာတာဟုတ်ပါတယ်။ တိုက်ခိုက်ခံရတာလည်း ဟုတ်ပါတယ်။ ကျနော်တို့ တိုက်ခိုက်ခဲ့တာလည်းဟုတ်တယ်ပေါ့။ ပြီးတော့ ညနေပိုင်းကတည်းက နန်းမယ်ခုံ တကြောမှာ လေယာဉ်ဗုံးကြဲတယ်ပေါ့။ ဒါပေမဲ့ မနေ့ညက ထိခိုက်မှု မရှိဘူး။ ဒီမနက်တော့ ထိခိုက်မှု တချို့ရှိတယ်လို့ ကျနော်တို့ ကြားသိရတယ်။ ဘာမှ အသေးစိတ်တော့ မသိရသေးဘူး။”
အဆိုပါ တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူ တချို့ ရှိခဲ့တယ်လို့ သိရပေမဲ့ အသေးစိတ်ကိုတော့မသိ ရသေးဘူးလို့ မာဝီက ပြောပါတယ်။
KNDF ဒု စစ်ဦးစီးချုပ် မာဝီက “သူလာတာကတော့ အဓိက သူတပ်ကို ပြန်စည်းရုံးဖို့ရယ်၊ ပြီးတော့ နယ်မြေတွေကို ပြန်ပြီးတော့မှ ထိန်းချုပ်ထားတဲ့အခြေအနေတွေအပါ်မှာ လူထုကို ပြန်ပြီး မြို့ထဲပြန်လာနေဖို့၊ သူ့ရဲ အုပ်ချုပ်မှုကိုပြန်ခံဖို့ လာပြီးလှုံ့ဆော်စည်းရုံးတာလို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့နဲတော့ တခြားစီဖြစ်နေတယ်ပေါ့လေ။ သူပြောသွားတဲ့ဟာတွေရှိတာပေါ့လေ။ စစ်ပွဲအတွင်းမှာ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေ ဖျက်ဆီးသွားတဲ့ အဆောက်အဦတွေ ပြန်တည်ဆောက်ဖို့၊ သန်းခေါင်စာရင်းတွေကောက်ဖို့တို့၊ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာကနေ ထွက်ပြီးစစ်ကောင်စီဘက်က အုပ်ချုပ်မယ့်နေရာတွေမှာ ပြန်နေဖို့ဆိုပြီး ပြောသွားတယ်လို့သိရတယ်ပေါ့နော်။ ဒါပေမဲ့ အဲဒါတွေအားလုံးက လက်တွေ့မ ဆန်ပါဘူး” လို့ ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၅ ရက် ၉ နာရီခွဲလောက်က နန်းမယ်ခုံဒေသမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ရွာသားတချို့ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူက လေယာဉ် ၂ စင်းသွားတာ တစင်းက ပေါင် ၅၀၀ ဗုံးနဲ့ ၂ ခါကြဲတယ်။ နောက်ပွိင့် ၈ နဲ့ လည်း ပစ်တယ်တဲ့။ အဲဒါ လူ ၂ ယောက်သေသွားတယ်လို့သိရတယ်။ ညီမတို့က အသစ်ဆောက်တဲ့ တဲအိမ်မှာသွားနေဖို့ သန့်ရှင်းရေးသွားလုပ်တဲ့အချိန်ဗုံးကြဲတော့ ပုန်းခိုကျင်းထဲ ဝင်ပုန်းနေရတာ။”
၁၁.၁၁ စစ်ဆင်ရေးနဲ့အတူ ကရင်နီပြည်နယ်၊ လွိင်ကော်မြို့ကို ကရင်နီတပ်ပေါင်းစုတွေကို သိမ်းပိုက် ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ အလုံးစုံ မအောင်မြင်သေးပါဘူး။
ဒါပေမဲ့ ကရင်နီပြည်နယ်အတွင်းရှိ မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒီးမော့ဆို၊ ရှားတော၊ ရွာသစ်၊ မော်ချီးနဲ့ မယ်စဲ့ မြို့တွေကို ကရင်နီတပ်ပေါင်းစုတွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။