ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ စုပေါင်းဂိတ်မှာ ရွှေ့ပြောင်းမြန်မာအလုပ်သမား တယောက်နဲ့ သူ့ကို ကူညီလိုက်ပို့တဲ့ ထိုင်းအမျိုးသားတယောက်တို့ကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၈ ရက်မှာ ဖမ်းဆီးရမိကြောင်း တာ့ခ်ခရိုင်လဝက သတင်းမှာ ရေးသားထားပါတယ်။
မဲဆောက်မြို့၊ မယ်ပရပ်ကွက် ၆ ရှိ စုပေါင်းလုံခြုံရေးဂိတ်ကို ကျော်ဖြတ်နိုင်ဖို့အတွက် အသက် ၄၂ နှစ်အရွယ် ထိုင်းအမျိုးသားတယောက်က အသက် ၄၄ နှစ်အရွယ် ရွှေ့ပြောင်း မြန်မာတယောက်ကို ခေါ်ဆောင်လာရာမှာ ထိုင်းရဲနဲ့ လဝက ဌာနဆိုင်ရာက ဖမ်းဆီးလိုက်တာပါ။
ထိုင်းဌာနဆိုင်ရာက စစ်ဆေးမှုပြုလုပ်ရာမှာ တရားဝင် စာရွက်အထောက်အထား မရှိတဲ့အတွက် ခေါ်လာတဲ့ ထိုင်းအမျိုးသားကိုရော မြန်မာအမျိုးသားကိုပါ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ထိုင်းအမျိုးသားကိုတော့ ဖမ်းဆီးမှုလွတ်ကင်းရေးနဲ့ နိုင်ငံခြားသားဝန်ဆောင်မှု ပေးတာတွေနဲ့ အမှုဖွင့်ပြီး မြန်မာအမျိုးသားကိုတော့ အထောက်ထား စာရွက်အပြည့်အစုံမရှိဘဲ ထိုင်းနိုင်ငံမှာ ခိုးဝင်မှုနဲ့ မဲဆောက်မြို့မရဲစခန်းကို လွှဲပြောင်းပေးပြီး တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ တာ့ခ်ခရိုင်လဝကသတင်းမှာ ရေးသားထားပါတယ်။
ဖိုးစီ