ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့က Tesco Lotus ကုန်တိုက်ကြီးမှာ လျှော့ဈေးနဲ့ ရောင်းပေးတဲ့ ဒူးရင်းသီးဈေးပွဲတော် ကျင်းပနေရာမှာ မြဝတီဘက်ခြမ်းက မြန်မာတွေလာရောက် ဝယ်ယူမှု များပြားနေပါတယ်။
စက်တင်ဘာ ၃ ရက်ကနေ ၅ ရက်အထိ ၃ ရက်ကြာ လျှော့ဈေးနဲ့ ရောင်းပေးနေတာပါလို့ အရောင်း တာဝန်ခံ ထိုင်းဈေးသည် တယောက်က ပြောပါတယ်။
ပုံမှန်အားဖြင့် ဒူးရင်းသီး ၁ ကီလိုကို ထိုင်းဘတ်ငွေ ၂၂၀ လောက် ဈေးရှိပေမဲ့ အခု ဈေးပွဲတော်မှာတော့ ၁ လိုကို ၁၃၉ ဘတ်ဈေးနဲ့ပဲ လျှော့ရောင်းပေးနေတာလို့ မြဝတီမြို့ကနေ လာရောက် ဝယ်ယူသူ တယောက်က ပြောပါတယ်။
ထိုင်းဒူးရင်းသီးတွေဟာ အစေ့သေးပြီး အသားများတဲ့ မျိုးစပ် ဒူးရင်းသီးတွေ ဖြစ်လို့ လူကြိုက် များကြပါတယ်။
ကရင်ပြည်နယ်ဘက်မှာ စစ်ပွဲတွေဖြစ်နေတာကြောင့် ဒူးရင်းခြံလုပ်ငန်းတွေ ရပ်တန့်နေပြီး ဒူးရင်းသီး ရှားပါးနေချိန်မှာ မြတီမြို့သူ မြို့သားတွေဟာ ထိုင်းဘက်ခြမ်းကို ကူးပြီး ဒူးရင်းသီးတွေ ဝယ်နေကြတာ ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။
ညနေ ၅ နာရီထိုးကို အနိမ့်ဆုံး လျှော့ဈေးကာလ ရွှေနာရီအချိန်အဖြစ် သတ်မှတ်ပြီး ဒူးရင်းသီး တလုံးကို ၅၀ ဘတ်နှုန်းနဲ့ ရောင်းချပေးနေပါတယ်။