မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာ ဩဂုတ် ၂၀ ရက်က ဆိုင်ကယ်ခိုးတဲ့ ရွှေ့ပြောင်း မြန်မာနိုင်ငံသား ၂ ဦး ကို ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ မဲဆောက်မြို့မရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဆိုင်ကယ်ပိုင်ရှင်ဟာ အိမ်မှာထားရှိတဲ့ ဆိုင်ကယ်ကို မတွေ့တော့တာကြောင့် စီစီတီဗီ ဖွင့်ကြည့်ရာမှာ ဩဂုတ် ၂၀ ရက် မနက်အစောပိုင်း ၂ နာရီခွဲလောက်မှာ အမှိုက်ကောက်သူ ၂ ဦးက တွန်းလှည်းပေါ် ကောက်တင်သွားတာကို မဲဆောက်မြို့မ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံစုံစမ်းရာ အချိန်အနည်းငယ်အကြာမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ဆိုင်ကယ်သူခိုး ၂ ဦးကို မေးမြန်းရာမှာ သူတို့ဟာ မဲဆောက်မြို့ပေါ် လမ်းဘေး အမှိုက်ပုံးတွေမှာ အမှိုက်လိုက်ကောက်သူတွေဖြစ်ပြီး မနေ့ညက အဆိုပါအိမ်မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို သဘောကျပြီး တွန်းလှည်းပေါ် ကောက်တင်ခိုးယူသွားကြောင်း ထွက်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်ခိုးမှုနဲ့ ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းမြန်မာ ၂ ဦးကတော့ အသက် ၂၀ အရွယ် ကျော်ကျော်နဲ့ ၂၉ နှစ်အရွယ် ဝင်းထိန် တို့ဖြစ်ကြောင်း၊ သူတို့ဟာ ခိုးယူထားတဲ့ ဆိုင်ကယ်ကို တစစီဖြတ်ပြီး ကီလိုချိန်နဲ့ ပြန်ရောင်းစားမယ်ဆိုပြီး ထွက်ဆိုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မဲဆောက်မြို့အတွင်းမှာ အမှိုက်ကောက်ရင်း နေအိမ်တွေနဲ့ ခြံတွေမှာ ပစ္စည်းတွေ ခိုးယူတဲ့သူတွေကို မဲဆောက်မြို့မရဲစခန်းက မကြာခဏ ဖမ်းဆီးရမိလေ့ရှိပါတယ်။