မလေးရှားနိုင်ငံက တရုတ်နိုင်ငံကို လတ်ဆတ်တဲ့ ဒူးရင်းသီးတွေ စတင်တင်ပို့နေပါပြီ။ မူစံကင်းနဲ့ ဆူးနက်လို လူကြိုက်များတဲ့ မျိုးကွဲတွေ အပါအဝင် ဒူးရင်းသီး တန် ၄၀ ကို စနေနေ့ကစပြီး အဆင့် ၃ ဆင့်နဲ့ တင်ပို့မယ်လို့ တရုတ်အစိုးရမီဒီယာ CCTV က ထုတ်ပြန်ပါတယ်။
ပထမအသုတ်အနေနဲ့ လတ်ဆတ်တဲ့ ဒူးရင်းသီး ၁၅ တန် စနေနေ့က မလေးရှားကနေ ထွက်ခွာခဲ့ပါတယ်။ ဒုတိယအဆင့်အဖြစ် တနင်္ဂနွေနေ့မှာ ဒူးရင်းသီး ၁၀ တန် ပေးပို့ မှာဖြစ်ပြီး ကျန်တဲ့ဒူးရင်းသီးတွေကို တတိယအဆင့်မှာ ပေးပို့မှာပါ။
အရင်က မလေးရှားဟာ အေးခဲဒူးရင်းသီးတွေကို တရုတ်နိုင်ငံဆီ တင်ပို့နိုင်ခဲ့ပါတယ်။ ဇွန်လမှာ လတ်ဆတ်တဲ့ မလေးရှား ဒူးရင်းသီးတွေကို တရုတ်ဈေးကွက်ဆီ တင်ပို့ခွင့်ပြုမယ့် နှစ်နိုင်ငံအကြား သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါဟာ နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါတဲ့ မှတ်တိုင်တခု ဖြစ်တယ်လို့ မလေးရှား စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေး လက်ထောက်ဝန်ကြီး အာသာ ဂျိုးဇက်ကာရက်က ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ကုန်တင်ကုန်ချဂိတ်မှာ ကျင်းပတဲ့ အခမ်းအနားထဲမှာ ပြောခဲ့ပါတယ်။
“ဒီအစီအစဉ်သစ်ကို အကောင်အထည်ဖော်ရင် တရုတ်နိုင်ငံကို ကျနော်တို့ရဲ့ ဒူးရင်းတင်ပို့မှု သိသိသာသာ တိုးလာမယ်လို့ မျှော်လင့်ပါတယ်” လို့လည်း သူက ပြောခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်ထော်နီ လို့ခ်စယူးဖုခ်က တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် ကျန်းကျိုး ရှင်းကျန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီ လတ်ဆတ်တဲ့ ဒူးရင်းသီးတွေကို လေယာဉ်နဲ့ပို့မယ်လို့ အဲဒီအခမ်းအနားမှာ ပြောခဲ့ပါတယ်။
Source-Reuters