စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်မှာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း စစ်ဘေးတိမ်းရှောင်နေတဲ့ ပြည်သူ ၁၁ ယောက် အဆိပ်ရှိမြွေဆိုး ကိုက်ခံရတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေရဲ့ကျန်းမာရေး ကူညီပေးနေတဲ့ အဖွဲ့တွေဆီကနေ သိရပါတယ်။
အောက်တိုဘာ ၁၂ ရက်က ထန်းကုန်းတိုက်နယ်အတွင်းက အင်းလယ်ကြီးရွာကို စစ်တပ်က ဒရုန်းယာဉ် အသုံးပြုပြီး ဗုံးသီးတွေ ချတာကြောင့် ဒေသခံပြည်သူတချို့ သေဆုံးခဲ့ပြီး ကျေးရွာအတွင်း မနေထိုင်ရဲကြတော့ဘဲ နီးစပ်ရာ လယ်တောတွေမှာ ရှောင်တိမ်းနေထိုင်ရင်း မြွေဆိုးကိုက်ခံခဲ့ရတာလို့လည်း သိရပါတယ်။
ကျန်းမာရေးဝန်ထမ်းတယောက်က “ဒီ အောက်တိုဘာ ၁၃ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ မဲသည်ကျေးရွာက ဒေါ်မြင့်မြင့်ခင် ၅၈ နှစ် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရတယ်ဗျ။ ကျနော်တို့ ထန်းကုန်းတိုက်နယ်အတွင်း စက်တင်ဘာလနဲ့ အောက်တိုဘာ ၂ လအတွင်း ပိုးထိလူနာ ပြည်သူစုစုပေါင်း ၂၅ ဦးရှိပြီး ၃ ဦး သေဆုံးမှုရှိထားပါတယ်ဗျ” လို့ ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်း ပြည်သူအများစုဟာ ရာသီတုပ်ကွေး ဖြစ်ပွားနေပြီး အဆိုပါ ပြည်သူတွေကို ဆေးကုသပေးဖို့ ဆေးဝါးလုံလောက်မှုလည်း မရှိဘဲ အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတယောက်က “ကျနော်တို့ ဒေသခံတွေကတော့ စီးပွားရေးလည်း မလုပ်ရတော့ အကုန်လုံး ခက်ခဲတယ်။ မြွေကိုက်လည်း ဒီ ပရဟိတကျန်းမာရေးအဖွဲ့တွေသာ ကုသမပေးရင် သေရုံကလွဲလို့ ဘာမှ မရှိဘူးဗျ။ BPI မြွေအဆိပ်ဖြေဆေးတလုံးကို ၃ သိန်း ပေးဝယ်ရတယ်။ အိန္ဒိယ မြွေဆိပ်ဖြေဆေး တလုံးကို ၁ သိန်း ပေးဝယ်ရတယ်။ နောက်ပြီး ဆေးရုံကိုသွားပြီး ကုသဖို့ ရွာနဲ့ ၁၇ မိုင် ဝေးပါတယ်ဗျ။ အားလုံး အခက်အခဲတွေနဲ့ ကျော်ဖြတ်နေကြရပါတယ်” လို့ ပြောပါတယ်။
ထန်းကုန်းတိုက်နယ်အတွင်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်တာကြောင့် ပြည်သူတွေ စစ်ဘေးရှောင်နေရကာ စားဝတ်နေရေးနဲ့ ဆေးကုသမှု ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။