Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင်အများစု အငတ်ဘေးကြုံနေရ
DVB
·
October 11, 2024
Photo-လင်းရောင်ခြည်ဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် မြို့နယ်အသီးသီးက နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ကာလ ကြာရှည်လာတာနဲ့အမျှ အငတ်ဘေးနဲ့ ကြုံတွေ့လာနေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ဒုတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲ စတင်တဲ့ ၂၀၂၃ နိုဝင်ဘာကနေ လက်ရှိ ၂၀၂၄ အောက်တိုဘာအထိ ရခိုင်က မြို့နယ်အားလုံးဟာ စစ်ဘေးဒဏ်ကို ခံစားနေကြရတာ ဖြစ်ပါတယ်။

စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ စစ်ဘေးရှောင်အများစုဟာ နေထိုင်စားသောက်ရေး ပိုင်းတွေမှာ ပိုအခက်တွေ့လာခဲ့ရပြီး ငတ်ပြတ်တာတွေအထိ ရှိလာနေတယ်လို့ ပေါက်တောမြို့က စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

“ပေါက်တောဆို စစချင်း တိုက်ပွဲဒဏ်ခံရတဲ့မြို့ပဲ။ ဒါပေမဲ့ ခုထိလည်း မြို့ပေါ်ကို ပြန်လို့မရကြသေးဘူး။ နယ်ဘက်လူတွေဆိုလည်း ဒီအတိုင်းပဲ။ ခုလို အချိန်အကြာကြီး စစ်ရှောင်လာရတော့ စားဝတ်နေရေးတွေ ပိုခက်ခဲလာတယ်။ တရက်ရှာတဲ့ငွေက တရက်စာအတွက် မဖူလုံတော့ ငတ်တလှည့် ပြတ်တလှည့် ဆိုသလို ဖြစ်လာတယ်။”

ဒေသမှာ တိုက်ပွဲဖြစ်နေဆဲ အခြေအနေကြောင့် အလုပ်အကိုင်တွေလည်း ပိုရှားပါးပြီး စစ်ဘေးရှောင်တွေဟာ အလုပ်လက်မဲ့ပြဿနာကြားမှာ တောင်းရမ်းစားသောက်သူတွေ ပိုများလာတာကို တွေ့ရတယ်လို့လည်း ကျောက်တော်မြို့နယ်မှ လူမူကူညီရေး လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။

“အခု အလှူခံလာကြရင် ဘယ်ကလဲမေးရင် စစ်ဘေးရှောင်တွေများကြတာ တွေ့ရတယ်။ တချို့ဆိုလည်း စစ်တွေက၊ တချို့ဆိုလည်း ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ သူတို့တွေက တကယ်လည်း ငတ်လာကြတော့ တောင်းရမ်းစားသောက်ဖို့ဘက်ကို ရွေးချယ်သွားကြတာ။ အကျပ်အတည်းကာလဆိုတော့ တောင်းလို့လည်း ဘယ်လောက်မှ မရကြပါဘူး။ စစ်ဘေးရှောင်တွေငတ်တာက အဓိက ထောက်ပံ့မှုတွေ အားနည်းတာကြောင့် ပါပါတယ်။”

လတ်တလောမှာလည်း စစ်ကောင်စီပိတ်ဆို့တာ ခံထားရတဲ့ ဂွနဲ့ သံတွဲဘက်တွေက စစ်ဘေးဒုက္ခသည် ၂၅,၀၀၀ လောက်ဟာ ရိက္ခာပြတ်လပ်တာ ကြုံနေကြရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ဆိုပါတယ်။

ဒါ့အပြင် AA ထိန်းချုပ်နယ်မြေတွေဘက်မှာလည်း တိုက်ပွဲဖြစ်နေတဲ့ဒေသတွေနဲ့ စစ်ကောင်စီ ထိန်းချုပ်ဒေသတွေကနေ ခိုဝင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ တစတစ များလာနေပြီး သူတို့တွေအတွက် အကူအညီ အထောက်အပံ့ ရရှိမှုတွေဟာလည်း မရှိသလောက် နည်းပါးနေတယ်လို့ ဒေသအလိုက် လူမှုကူညီရေး လုပ်ကိုင်နေသူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013