မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်တပ်အသိုက်အဝန်း မိသားစုဝင်တွေက စစ်ဖြစ်တော့မှာဖြစ်လို့ မြို့ကနေ အမြန်စွန့်ခွာဖို့ လိုက်လံခြောက်လှန့်တာတွေ ရှိနေလို့ စိုးရိမ်နေကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ပြင်ဦးလွင်မြို့ရဲ့ ၁၇ မိုင်အကွာခန့်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့မှုဖြစ်နေသလို အုမ္မတီးကျေးရွာလမ်းခွဲ နေရာကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းတွေဖြန့်ထားပြီး စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေတဲ့အပေါ် တပ်မိသားစုတွေက မြို့ခံပြည်သူတွေ ကြောက်လန့်တကြားဖြစ်စေဖို့ ပြင်ဦးလွင်မှာ တိုက်ပွဲတွေ ဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေကို လိုက်လံဖြန့်ဝေနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြင်ဦးလွင်ကနေ ရန်ကုန်ကို စစ်ရှောင်လာသူတယောက်က “လလယ်ပိုင်းလောက်ကတည်းက တပ်အသိုက်အဝန်းက အဲဒီသတင်းတွေ လိုက်ဖြန့်နေတာ။ တချို့ကျတော့ ကြောက်လန့်ပြီး မြို့က ရှောင်ကြတာပေါ့။ ရှောင်တဲ့အိမ်ရှိပြီဆိုရင် သူခိုးဝင်တော့တာပဲ။ စာပေ ၂ နားက အိမ်တအိမ်ဆိုရင် အိမ်ထဲမှာ ခိုးစရာမရှိလို့ သံပန်းတံခါး ဖြုတ်ခိုးသွားတာ” လို့ ပြောပါတယ်။
ပြင်ဦးလွင်မြို့ခံတွေအနေနဲ့ ဒီလို စစ်ငွေ့ စစ်ရိပ် သန်းနေတဲ့ အခြေအနေတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာပါက အမြန်ဆုံးပြောင်းရွှေ့နိုင်ဖို့ တန်ဖိုးကြီး ရွှေ ငွေ လက်ဝတ်ရတနာတွေနဲ့ ငွေကြေး၊ အဝတ်အစားတွေကို အရေးပေါ် ထုပ်ပိုးထားကြကာ စစ်ရေးအသိ၊ သတိထား နေနေကြရတယ်လို့ ပြင်ဦးလွင်မြို့ခံတွေထံက သိရပါတယ်။
ပြင်ဦးလွင်မြို့ခံတယောက်က “မြို့ပေါ်မှာဆိုရင် ညနေပိုင်းရောက်တာနဲ့ လူရှင်းသွားပြီ။ ကိုယ့်အိမ်ထဲမှာပဲ နေနေကြတော့တာ။ ဘယ်နေ့ဖြစ်မလဲ၊ ဘယ်နေ့ဖြစ်မလဲ ဆိုပြီး ကျီးလန့်စာစား နေကြရတယ်။ ပိုက်ဆံရှိတဲ့သူတွေကတော့ တိုက်ပွဲတွေနီးလာတဲ့ အချိန်ကစပြီး မန္တလေးဘက်၊ ရန်ကုန်ဘက်တွေကို ဆင်းကြတာပေါ့။ လက်နက်ကြီးပစ်သံတွေ ကြားတဲ့နေ့တွေဆိုရင် ဆိုင်တွေက စောစောပိတ်ကုန်တာမျိုးတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
ပြင်ဦးလွင်-နောင်ချို လမ်းပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကစပြီး တိုက်ပွဲတွေဖြစ်နေပြီး ပြင်ဦးလွင်ကနေ နောင်ချို သွားတဲ့ ဝက်ဝံကျေးရွာက စစ်ကောင်စီဂိတ်ဟာ ကားဖြတ်သန်းခွင့်တွေ ပိတ်ပင်ထားပါတယ်။
ဒီလို စစ်ရေးတင်းမာမှုတွေကြောင့် ပြင်ဦးလွင်က စစ်တပ်မိသားစုဝင်တွေ ပြောင်းရွှေ့နေသလို ဒေသခံပြည်သူတွေလည်း ပြောင်းရွှေ့တာတွေ ရှိတာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခံနေရပါတယ်။