Home
မြန်မာသတင်း
ရခိုင်ပြည်သူများအတွက် အာရက္ခဒတ်ချ် သတင်းဂျာနယ် အခမဲ့ဖြန့်ဝေ
DVB
·
October 29, 2024

ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း ပြတ်တောက်နေပြီး သတင်းအမှောင်ချခံရတဲ့ ရခိုင်ပြည်သူတွေ  သတင်းအချက်အလက်တွေ သိရှိနိုင်ဖို့ ရခိုင်က သတင်းသမား ၃ ယောက် ဦးဆောင်ကာ ARAKKADESH - အာရက္ခဒတ်ချ်လို့ အမည်ရတဲ့ သတင်းဂျာနယ်ကို အခမဲ့ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။

အာရက္ခဒတ်ချ် သတင်းဂျာနယ်ကို တလမှာ ၂ ကြိမ် ဖြန့်ဝေပေးသွားမှာဖြစ်ကာ လက်ရှိ သံတွဲ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦးမြို့နယ်တွေကို စတင်ဖြန့်ဝေပေးထားပြီး ကျောက်တော်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကိုလည်း ဆက်ပြီးဖြန့်ဝေပေးသွားမယ်လို့ ဦးဆောင်ထုတ်ဝေသူ ကိုတေဇာအောင်က ပြောပါတယ်။

“ကျနော်တို့ ရခိုင်မှာက သတင်းရရှိမှုက ပြတ်တောက်နေတယ်။ ရခိုင်ပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းလွတ်မြောက်နယ်မြေတွေမှာ အင်တာနက်က လုံးဝမရသလောက် ဖြစ်သွားပြီ။ ဖုန်းလိုင်းတွေကလည်း ရတချက်၊ မရတချက် အင်တာနက်ရဖို့ ဖုန်းလိုင်းရဖို့ဆိုရင် တော်တော် ဝေးဝေးသွားကြရတယ်။ ဒါပေမဲ့ ဆီဖိုးတွေ မတတ်နိုင်လို့ မသွားရဘူး။ ဖုန်းတခါ အားသွင်းရင်လည်း အနည်းဆုံး ၁၅၀၀ ကနေ ၂၀၀၀ အထိ ရှိတယ်။ စားဝတ်နေရေးက ပိုခက်ခဲနေတော့ ဒီသတင်းအချက်အလက်သိရဖို့ မလုပ်နိုင်တော့ဘူး။ ဒါကြောင့်မို့ ကျနော်တို့က သတင်းစာစောင်တွေ ထုတ်ဝေရင် ပိုကောင်းမယ်ဆိုပြီး ပြည်သူတွေအတွက် အလင်းတခု ရလာနိုင်အောင် သတင်းတွေ သိရှိနိုင်အောင်ဆိုပြီး ကျနော်တို့ ရခိုင်က သတင်းသမား ၃ ယောက် စုပေါင်းပြီးတော့ လုပ်ဆောင်ဖြစ်တာပါ။” 

သတင်းဂျာနယ်ထဲမှာ ပြည်သူတွေ သိရှိနိုင်ဖို့ လက်ရှိဖြစ်နေတဲ့ ရခိုင်အပါအဝင် ပြည်ပက သတင်းတွေ၊ ဆောင်းပါးတွေ၊ သတင်း အမှား အမှန် ခွဲခြားတာတွေနဲ့ အထူးသဖြင့် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အကြောင်း အသိပညာပေးတာတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

တခြားတဖက်မှာလည်း ကုန်ပစ္စည်း ရှားပါးတာနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားတာကြောင့် လက်ရှိမှာ စာစောင်ရေ အကန့်အသတ်နဲ့ ထုတ်ဝေနေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တော်တော်များများမှာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး ပြည်သူတွေဟာ သတင်းသိရှိနိုင်ဖို့ ခက်ခဲနေကြတာပါ။

Western News သတင်းဌာန အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက “ရခိုင်တပြည်လုံး မဟုတ်ရင်တောင် အရေးကြီးတဲ့ ဒီအချက်အလက်တွေ မရှိမဖြစ် လိုအပ်တဲ့နေရာတွေကို ထိထိမိမိ ရောက်ရှိနိုင်အောင် ထပ်မံပြီး ကြိုးစားစေချင်ပါတယ်။ တခြားတဖက်မှာလည်း တထောင့်တနေရာက နေပြီးတော့ ပြည်သူတွေ သတင်းသိရှိနိုင်အောင် လုပ်ဆောင်ပေးတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိတယ်” လို့ ပြောပါတယ်။

ရခိုင်မှာ ဖြစ်ပျက်နေတာတွေကို သတင်းဂျာနယ်ကနေတဆင့် အခမဲ့ဖတ်ခွင့်ရမှာဆိုတော့ ဝမ်းသာမိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခု နိုဝင်ဘာလနောက်ပိုင်း စစ်ကောင်စီက ရခိုင်က မြို့နယ်အတော်တော်များများမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီးတွေကို ဖြတ်တောက်ခဲ့ပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013