Home
မြန်မာသတင်း
ရခိုင်တွင် ဖုန်းလိုင်းပြတ်တောက်သည့်ဒေသ ပိုများလာ
DVB
·
October 22, 2024

ရခိုင်ပြည်နယ်မှာ မိုဘိုင်းဖုန်းလိုင်း ပြတ်တောက်တဲ့ဒေသတွေ ပိုများလာကြောင်း ဒေသတွင်း နေထိုင်သူတွေဆီကနေ သိရပါတယ်။

အရင်က မိုဘိုင်းဖုန်းလိုင်းတွေဟာ တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်တွေနဲ့ ကျေးလက်ဒေသ တချို့တွေမှာ အဓိကပြတ်တောက်မှုများခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မြို့ပေါ်ရပ်ကွက်တွေ အထိပါ ဖုန်းလိုင်းပြတ်တောက်မှုတွေ ရှိလာတယ်လို့ မြောက်ဦးဒေသခံတယောက်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တုန်းက ဖုန်းလိုင်းတွေ အကုန်အဖြတ်ခံခဲ့ရတယ်လေ။ နောက်ပိုင်း ပြန်ရတော့ အဓိက နယ်ဘက်တွေမှာ မရကြသေးတာ များတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်က ဖုန်းလိုင်း လုံးဝပြတ်အပြီး ပြန်ရလာတော့ အရင်က ဖုန်းလိုင်းရနေတဲ့ ကျေးလက်ဒေသတချို့နဲ့ မြို့ပေါ်ရပ်ကွက် တချို့တွေမှာပါ ဖုန်းလိုင်းပြတ်သွားတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းကစလို့ ရခိုင်ကမြို့နယ်တွေဖြစ်တဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ တောင်ကုတ်နဲ့ ကျောက်ဖြူ မြို့နယ်တွေမှာ မိုဘိုင်းဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပြီး အချိန်အားဖြင့် သီတင်းတပတ်ခန့် ကြာမြင့်ခဲ့ပါတယ်။

ခုလို ဖုန်းလိုင်းပြတ်တောက်ခဲ့ပြီး ပြန်လည်ရရှိလာချိန်မှာတော့ ဖုန်းလိုင်းပြတ်တောက်သွားတဲ့ ဒေသတွေဟာ အရင်ကထက် ပိုများလာခဲ့ရတာ ဖြစ်တယ်လို့ ကျောက်ဖြူဒေသခံတယောက်က ဆိုပါတယ်။

“ဖုန်းလိုင်းတွေပြတ်ပြီးပြ န်ရတော့ MPT တခုပဲ ရတော့တယ်။ ဒါတောင် လိုင်းက မကောင်းဘူး။ ဒေသတော်တော်များများမှာ Mytel ဖုန်းလိုင်းတခုပဲ ရနေတာတွေလည်း ရှိကြတော့ ဒီဒေသတွေ အကုန်လုံးက အခု ဖုန်းလိုင်းတွေ ထပ်ပြတ်သွားရပြန်ပြီ။ အရင်ကတည်းက ဖုန်းလိုင်းမရတဲ့နေရာတွေ အခုထပ်မရတော့တဲ့ နေရာတွေနဲ့ဆို ဒေသမှာ ဆက်သွယ်လို့ရတဲ့နေရာ သိပ်များများစားစား မရှိတော့ဘူး။”

ရခိုင်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲစတင်ချိန်ကစလို့ ရခိုင်ဒေသကို စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းတွေ အဓိက ဖြတ်တောက်ခဲ့ပြီး လက်ရှိမှာလည်း အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုပါ မိုဘိုင်းဖုန်းလိုင်းတွေ ဖြတ်တောက်မှုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်မှာ မိုဘိုင်းဖုန်းလိုင်း အဓိကပြတ်တောက်နေဆဲဖြစ်တဲ့ မြို့နယ်တွေကတော့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ မာန်အောင်၊ မင်းပြားနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ဖြစ်ပြီး လတ်တလောမှာတော့ ဒီဒေသတွေအပြင် တခြားမြို့နယ်တွေမှာလည်း နေရာအလိုက် ဖုန်းလိုင်းပြတ်တောက်မှုတွေ ပိုတိုးလာခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013