ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မောင်းကျေးရွာကို အောက်တိုဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီလောက်က စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် နေရာမှာတင် ပွဲချင်းပြီးသေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားသူတွေမှာ အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၂ ယောက်၊ အသက် ၂၈ နှစ်အရွယ် ကိုနိုင်လင်းစိုးနဲ့ တခြား အမျိုးသမီး ၂ ယောက်တို့ ပါဝင်ပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
တောင်ကုတ်ဒေသခံတယောက်က “လေကြောင်းကနေ ဗုံးခဏခဏ လာကြဲတယ်။ နေ့လယ် ၁၂ နာရီလောက်က ဗုံးလာကြဲတာ အမျိုးသမီး ၄ ယောက် အမျိုးသားတယောက် သေတယ်၊ ၄ ယောက်က ပွဲချင်းပြီးသေတယ်၊ ကျန်တယောက်က ဆေးရုံရောက်မှ ဆုံးသွားတာ၊ အမျိုးသမီးကြီးတယောက်လည်း ဒဏ်ရာရသွားတယ်၊ ဒဏ်ရာရရှိသူကတော့ လောလောဆယ် ဆေးကုသမှုခံယူနေတယ်” လို့ ပြောပါတယ်။
အခုလို လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်ဒေသခံတယောက်က“လေကြောင်းကနေ ဘယ်အချိန် ဗုံးလာကြဲမလဲ၊ အဲဒါကိုပဲ စိုးရိမ်ကြောက်လန့်နေရတယ်။ စိတ်ချလက်ချ မအိပ်နိုင်တာ တော်တော်ကြာနေပြီ။ လေယာဉ်သံကြားတာနဲ့ကို ဘယ်ပြေးလို့ ပြေးရမယ်မှန်း မသိတော့ဘူး။ တချို့ကလည်း အနီးအနားရွာတွေကို ရှောင်နေကြတာရှိတယ်။ ဒါမဲ့ အဲကိုရှောင်ရင်ရော လွတ်ရောလွတ်ပါ့မလား၊ အဲလိုမျိုး အဓိကက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးရှိလာတာပေါ့” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တော၊ အမ်းနဲ့ ကျိန္တလီမြို့ အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား နေ့တိုင်း တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်မြို့ အနီးပတ်ဝန်းကျင်မှာလည်း တခါတရံ တိုက်ပွဲဖြစ်ပွားလေ့ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ကေခိုင်