Home
မြန်မာသတင်း
ဗုံးလာကြဲသည့် စစ်တပ် ဒရုန်း ၁ စင်းကို ရှမ်းတောင်ဗျူဟာ ၂ ပူးပေါင်းတပ်ဖွဲ့က ပစ်ချ 
DVB
·
November 3, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအနီးမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးလာကြဲချိန် ရှမ်းတောင်ဗျူဟာ ၂ ပူးပေါင်းတပ်ဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF က  နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၆ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ရေပူကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးလာကြဲချိန် ပထမတခါက ရဲဘော်တွေ ထိခိုက်မိတာ၊ ဆိုင်ကယ်ပျက်စီးတာတွေ ရှိခဲ့ပြီး ဒုတိယတခါမှာတော့ ဒရုန်းကို ပစ်ချနိုင်ခဲ့တာလို့ သိရပါတယ်။

IPDF က တာဝန်ရှိသူက “စစ်ကောင်စီက ဒရုန်းတိုက်ခိုက်မှု အရမ်းလုပ်လာတာပေါ့နော်။ သူတို့ ဒရုန်းနဲ့တိုက်ခိုက်မှုလုပ်တာက ကြာပြီ။ ခုတခေါက်က သူတို့က ရွာထဲထိ ဒရုန်းနဲ့လာကြဲတာ။ အရပ်သား ထိခိုက်မှုတော့ မရှိပါဘူး။  ပထမတကြိမ်က ရဲဘော် ဒဏ်ရာရတယ်၊ ဒုတိယအကြိမ် ပြန်လာတဲ့အချိန်မှာ  ပူးပေါင်းတပ်က ပစ်ချနိုင်လိုက်တာပေါ့နော်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ခုနောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့အချိန် အခုလို ပစ်ချနိုင်ခဲ့ပြီး ဒရုန်းရဲ့အလေးချိန်က ၂၀ ကီလိုဂရမ်  ကာလပေါက်စျေး ကျပ် သိန်း ၈၀၀ လောက်ရှိနိုင်တယ်လို့ IPDF က ခန့်မှန်းပါတယ်။

ရှမ်းတောင်ဗျူဟာ ၂ မှာ 1009 အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ 1008 SSRY ၊ 1005 SSPDF အဖွဲ့တွေနဲ့ ဖွဲ့စည်းထားပါတယ်။

ညောင်ရွှေမြို့နယ်က ရေပူရွာကို စစ်ကောင်စီက ဒရုန်းနဲ့ကြဲတာ၊ ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အစပ်က ပင်စုံ၊ နောင်ဝိုး၊ နမ့်ဖာမူ၊ လွယ်ကျိုင်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိနေပေမဲ့ အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024