ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံအစပ် ဗန်းမောက်ရွာကို အောက်တိုဘာ ၃၁ ရက်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် တယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ရှောင်ကယ်ဆယ်ပေးသူဆီက သိရပါတယ်။
ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ ဗန်းမောက်ကနေ စစ်ရှောင်ဖို့ထွက်လာတဲ့ ထော်လာဂျီတစီးကို ၁၂၀ မမ ဒရုန်း ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ရှောင်အရေး ကူညီပေးသူက “စစ်ရှောင်တာကို ဒရုန်းနဲ့ ကြဲချတာ၊ တယောက် သေဆုံးတယ်၊ ၉ ယောက် ဒဏ်ရာရတယ်။ နောက် ကလေးငယ်လေးတယောက်လည်း ထိတယ်။ သူလည်း အခြေအနေသိပ်မကောင်းဘူး။ ခုက ပစ္စည်းတွေ ပြန်သယ်ကြတဲ့အချိန် ပစ်ခံလိုက်ရတာ။ စစ်ရှောင်တာကိုလည်း အလွတ်မပေးဘူး သူတို့က” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အရပ်သားပြည်သူရှိရာ နေရာတွေမှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်တာတွေကိုလည်း ပြုလုပ်နေလို့ ပြည်သူထိခိုက် သေဆုံးတာတွေ၊ နေအိမ်ပျက်စီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကနေ ပြည်သူတွေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပြီး ပင်လောင်းမြို့၊ ညောင်ရွှေမြို့နယ်တွေဘက်ကို ရွှေ့ပြောင်းနေထိုင်သူတွေရှိသလို တောတောင်တွေထဲ နေထိုင်နေသူတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ဗန်းမောက်၊ နောင်ဝိုး၊ ပင်စုံ၊ လွယ်ဝန်း၊ ကုန်းပေါ၊ နမ့်ဖာမူ စတဲ့ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာ တလကျော်ကြာရှိနေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ထိခိုက်မိတဲ့ ပြည်သူတွေ အယောက် ၂၀ ထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။