မန္တလေးမြို့မှာ အခြေစိုက်တဲ့ ပရဟိတမင်းခေါင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်တင့် အပါအဝင် အဖွဲ့ဝင် ၈ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မန္တလေးမြို့က ပရဟိတအဖွဲ့တခုရဲ့ တာဝန်ရှိသူတယောက်က “ဘာကိစ္စနဲ့ ဖမ်းသွားတာလဲ ဆိုတာတော့ မသိရသေးဘူး။ အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းသွားတာလို့ သိရတယ်။ သူတို့တွေ အဖမ်းခံရတာ အခုတကြိမ်နဲ့ဆို ၂ ခါရှိပြီ။ ဖမ်းခံရတဲ့အထဲမှာ သူတို့အသင်းထဲက အမျိုးသမီးအဖွဲ့ဝင်တွေလည်း ပါသွားတယ်။ သူတို့အဖွဲ့ရဲ့ လုပ်ငန်းတွေတော့ နားထားရတယ်ဗျ” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ရုံးဖွင့်လှစ်ထားတဲ့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်းက ပရဟိတမင်းခေါင်အဖွဲ့ရုံးကို စီးနင်းဝင်ရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတယောက်ရဲ့ မိသားစုဝင်က “သူတို့အဖမ်းခံရတာ ၅ ရက်လောက် ရှိနေပြီပေါ့နော်။ အဆက်အသွယ်လည်းမရဘူး။ ဘယ်မှာဖမ်းထားတယ် ဆိုတာလည်း မသိရသေးတော့ စိတ်တော့ပူတာပေါ့” လို့ ပြောပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးကို ယာဉ်တန်းနဲ့ လိုက်ပါ ပို့ဆောင်ခဲ့တာကြောင့် ပရဟိတမင်းခေါင်အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်လို့ မြို့ခံတချို့က သုံးသပ်ပြောဆိုနေကြပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မန္တလေးမြို့က ပရဟိတအဖွဲ့တခုရဲ့ အဖွဲ့ဝင်တယောက်က “ဝန်ကြီးချုပ်ရဲ့ နာရေးကို လိုက်ပို့ကြတာ သူတို့အဖွဲ့တခုတည်းမှ မဟုတ်တာဗျာ။ လူမှုရေးအဖွဲ့တွေ အများကြီး လိုက်ပို့ကြတာပဲ။ ဝန်ကြီးချုပ်နာရေးကို လိုက်ပို့လို့ အဖမ်းခံရတယ်လို့တော့ မထင်ဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးခါစကလည်း ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တချို့ကို စစ်ကောင်စီတပ်က ၁ လနီးပါးကြာ ဖမ်းဆီးထားခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့ကာ အခုဖမ်းဆီးခံရတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။