Home
မြန်မာသတင်း
မန္တလေး PDF အချုပ်ဆောင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ သုံ့ပန်း ၈ ဦး အပါအဝင် ၁၂ ဦးသေဆုံး
DVB
·
October 30, 2024
Photo-MDY PDF

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) က စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့ အချုပ်ဆောင်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၈ ရက် ညနေ ၆ နာရီခွဲလောက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းတွေ သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ MDY PDF ဆီကနေ သိရပါတယ်။

MDY PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “စစ်သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတဲ့ အချုပ်ဆောင်ကို စစ်တပ်ဘက်ကနေ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် စစ်သုံ့ပန်း ၈ ဦး အပါအဝင် ၁၂ ဦးသေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့​တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းတွေဖြစ်ကြတဲ့ ဗိုလ်ကြီးထွန်းနိုင် (အသက် ၃၁ နှစ်)၊ ဒုတပ်ကြပ် ထက်နောင်နောင်စိုး (အသက် ၃၆ နှစ်)၊ တပ်ကြပ်ကြီးစာရေး ရန်နိုင်အောင် (အသက် ၃၃ နှစ်)၊ ဒုတပ်ကြပ် သီဟငြိမ်း (အသက် ၄၁ နှစ်)၊ ဒုတပ်ကြပ် ဖိုးချို (အသက် ၂၃ နှစ်)၊ တပ်ကြပ် ခင်မောင်ထွန်း (အသက် ၄၃ နှစ်)၊ ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ နန်းမြို့ဦး (အသက် ၄၀ နှစ်) နဲ့ သန်းဇော် (၃၃ နှစ်) တို့ သေဆုံးသွားတယ်လို့ MDY PDF က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ စစ်သုံ့ပန်းတွေထဲမှာ စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်းက ဗိုလ်ကြီးတယောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

MDY PDF တာဝန်ခံက “သေဆုံးသူ ၈ ဦးအပြင် ကျနော်တို့ စစ်ဆေးဆဲ သံသယတရားခံ ၄ ဦးပါ သေဆုံးသွားခဲ့ပါတယ်။ ကျနော်တို့ဘက်က ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အညီ ထားပေမဲ့ စစ်တပ်ဘက်က သူတို့လူတွေကို သူတို့ကပဲ ရည်ရွယ်ချက်ရှိရှိ ပြန်သတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ဒဏ်ရာရတဲ့သူ အများစုကတော့ သုံ့ပန်းတွေထဲကပါပဲ။ ဒဏ်ရာရတဲ့သူတွေ အားလုံးကို ဆေးကုသမှုတွေ ဆက်လက်ပြုလုပ်ပေးနေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုဟာ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့ အဆောက်အဦပေါ်ကို တည့်တည့်ထိမှန်ခဲ့တာဖြစ်တယ်လို့ ဆိုပေမဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ တည်နေရာကိုတော့ လုံခြုံရေးအရ ဖြေဆိုဖို့ သူက ငြင်းဆိုခဲ့ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ နောင်ချိုမြို့နယ်အတွင်းမှာ ဖြစ်နိုင်တယ်လို့လည်း မန္တလေးတိုင်းအတွင်းက ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က ခန့်မှန်းပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အခုလို စစ်ရေးနဲ့မသက်ဆိုင်တဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ဖြစ်တယ်လို့လည်း MDF PDF က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013