Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံး၊ ၁ ဦးထိခိုက်
DVB
·
October 28, 2024
Photo-KNU

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာချောင်းဖျားကျေးရွာအနီး အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုထံက သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာချောင်းဖျားကျေးရွာအနီးကို အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းက Y-12 တစီးနဲ့ ကင်းထောက်ခဲ့ကာ နေ့လယ်ပိုင်းမှာ ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ KNU တပ်မဟာ ၆ နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အဲဒီနေ့မနက် ၁၁ နာရီ ၅ မိနစ်လောက်မှာ မှော်ဘီလေတပ်က Y-12 တစီးနဲ့ ကင်းလာထောက်ပြီး နေ့လယ် ၁၂ နာရီ ၄၈ လောက်မှာ နေပြည်တော်က တိုက်လေယာဥ် Yak-130 တစီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး လာကြဲသွားတာ။”

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အသက် ၃၀ ကျော်အရွယ် စောသဲမူး သေဆုံးခဲ့ကာ အသက် ၃၃ နှစ်အရွယ် နော်အဲ့တာမူးမှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့​ကြောင်း သိရပါတယ်။

ဒါ့အပြင် လူနေအိမ် ၂ လုံးနဲ့ ခရစ်ယာန်ဘုရားကျောင်းတကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

အလားတူ အောက်တိုဘာ ၂၆ ရက် ညပိုင်းကလည်း ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ ၅၄၅ နဲ့ ၅၄၆ တပ်က ကော့ကရိတ်မြို့နယ်၊ ညောင်ရိပ်သာကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့သေးကြောင်း မြေပြင်သတင်းအရင်းမြစ်တွေထံက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လအထိ ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီအနေနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးတာအပြင် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်အတွင်း ဒေသခံ ၂၁၀,၂၆၅ ယောက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013